ကိုလ်ကတ္တားမြို့မှာ မိုးပျံတံတားတစ်စင်း ပြိုကျခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုလ်ကတ္တားမြို့မှာ မိုးပျံတံတားတစ်စင်း ပြိုကျခဲ့မှုကြောင့် လူတစ်ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၁၉ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ တံတားပြိုကျခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားတွေက အပျက်အစီးအောက်မှာ ပိတ်မိနေသူများရှိ မရှိ လိုက်လံရှာဖွေခဲ့ကြပါတယ်။

Photo: Reuters





ဒေသခံ မီဒီယာတွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေအရ မိုးပျံတံတားရဲ့ ကြီးမားတဲ့အပိုင်းတစ်ခု ပြိုကျသွားခဲ့ပြီး မော်တော်ယာဉ်တွေ အပျက်အစီးများထဲကို ရောက်နေခဲ့တာ တွေ့ရပါတယ်။

"အပျက်အစီးတွေအောက်မှာ လူတွေပိတ်မိနေလားဆိုတာ သိနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်နေပါတယ်" လို့ တံတားပြိုကျတဲ့နေရာကို လာရောက်ကြည့်ရှုခဲ့တဲ့ ကိုလ်ကတ္တားမြို့တော်ဝန်က ပြောပါတယ်။

အိန္ဒိယသတင်းအချို့မှာတော့ တံတားအပျက်အစီးတွေအောက်မှာ လူခြောက်ဦးထက်မနည်း ပိတ်မိနေတယ်လို့ ဖော်ပြထားပါတယ်။

Photo: AFP



ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ပုံတွေအရ ပြိုကျခဲ့တဲ့ တံတားရဲ့ အစိတ်အပိုင်းဟာ ပေ ၁၀၀ နီးပါး ရှည်လျားကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။ တံတားပြိုကျမှုကြောင့် ဘတ်စ်ကားတစ်စီး အပါအဝင် ကားခြောက်စီးခန့် ကွန်ကရစ်တုံးများနဲ့အတူ အောက်ဘက်ကို ပြုတ်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

မိုးပျံတံတားပြိုကျတဲ့ နေရာမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေဆဲဖြစ်ပြီး သေဆုံးဒဏ်ရာရသူ အရေအတွက် အတိအကျကို မပြောနိုင်သေးကြောင်း အနောက်ဘင်ဂေါပြည်နယ်ဝန်ကြီးချုပ် မမ်မတ်တာ ဘန်နာဂျီးက ပြောခဲ့ပါတယ်။

Photo: AFP



အနောက်ဘင်ဂေါပြည်နယ် အာဏာရပါတီ All India Trinamool Congress ရဲ့ အဆိုအရ ပြိုကျခဲ့တဲ့ မိုးပျံတံတားဟာ သက်တမ်း နှစ်ပေါင်း ၄၀ ရှိပြီလို့ သိရပါတယ်။

တံတားပြိုကျရတဲ့ အကြောင်းရင်း အသေးစိတ်ကို လက်ရှိမှာ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။ ကိုလ်ကတ္တားမြို့မှာ ၂၀၁၆ ခုနှစ် မတ်လအတွင်းကလည်း တံတားတစ်စင်း ပြိုကျခဲ့ကြောင့် လူဦးရေ နှစ်ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က