ဂူဂျာရတ်ပြည်နယ် ကမ်းရိုးတန်းကို ဦးတည်ရွေ့လျားလာနေပါတယ်။

အာရေဗျပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ပိုမိုအားကောင်းလာပြီး အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် ကမ်းရိုးတန်းကို ဦးတည်ရွေ့လျားလာမှုကြောင့် ကမ်းရိုးတန်းတစ်လျှောက်မှ လူဦးရေသိန်းနဲ့ချီပြီး ဗုဒ္ဓဟူးနေ့ (ဇွန် ၁၂ ရက်) မှာ ရွှေ့ပြောင်းထားခဲ့ကြောင်း သိရပါတယ်။

(Photo: Getty Images)

ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းဗာယု (Cyclone Vayu) ဟာ အိန္ဒိယကုန်းတွင်းပိုင်းကို ယနေ့ (ဇွန် ၁၃ ရက်) ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ မိုးလေဝသဌာနရဲ့ အဆိုအရ ဆိုင်ကလုန်းမုန်တိုင်းဟာ လက်ရှိမှာ ပြင်းအားအဆင့် ၁ (Category 1) ရှိ ဟာရီကိန်းမုန်တိုင်းနဲ့ လေတိုက်နှုန်းတူညီနေပြီး အိန္ဒိယကမ်းရိုးတန်းကို လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၉၀ မှ ၉၆ မိုင်နှုန်းဖြင့် ဖြတ်သန်းတိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။



ဆိုင်ကလုန်းဗာယုရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၀၅ မိုင်အထိ ဖြစ်နိုင်ကြောင်းလည်း အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ မုန်တိုင်းအန္တရာယ်ကြုံနိုင်တဲ့ နေရာဒေသများရှိ လူဦးရေ ၃၀၀,၀၀၀ ကို ခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားကြောင်း ဂူဂျာရတ်ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။

(Map: AccuWeather)

"ကျွန်တော်တို့ ဒီနေ့မနက်ပိုင်းကစပြီး ရွှေ့ပြောင်းရေးတွေ လုပ်နေပါတယ်" လို့ ဂူဂျာရတ်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူက ဇွန်လ ၁၂ ရက်မှာ ပြောခဲ့ပါတယ်။ ဆိုင်းကလုန်းမုန်တိုင်းကြောင့် ပျက်စီးမှုတွေ များပြားစွာဖြစ်ပေါ်ခဲ့ပါက အကူအညီများပေးနိုင်ရန်လည်း ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ် Vijay Rupani က စစ်တပ်နဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်မှုတပ်ဖွဲ့ကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

မုန်တိုင်းဝင်ရောက်မယ့် အန္တရာယ်ရှိတာကြောင့် ဂူဂျာရတ်ပြည်နယ်နဲ့ Union Territory of Daman and Diu ဒေသရှိ စာသင်ကျောင်းတွေကို ယနေ့အထိ ပိတ်ထားပါတယ်။ ဂူဂျာရတ်ပြည်နယ်ကို ယနေ့ ဝင်ရောက်တိုက်ခတ်မယ့် ဆိုင်ကလုန်းဗာယုဟာ ၁၉၉၈ ခုနှစ်က အဆိုပါ ပြည်နယ်မှာ တိုက်ခတ်ခဲ့ပြီး လူဦးရေ ၁၀,၀၀၀ သေဆုံးခဲ့တဲ့ မုန်တိုင်းပြီးပါက အဆိုးရွားဆုံး မုန်တိုင်းဖြစ်လာနိုင်ကြောင်းလည်း ခန့်မှန်းထားကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: Emmanual Yogini)

ပြီးခဲ့တဲ့ မေလအတွင်းကလည်း အိန္ဒိယအရှေ့ဘက် ကမ်းရိုးတန်းဒေသကို လေတိုက်နှုန်း တစ်နာရီလျှင် ၁၀၈ မိုင်ထက်မနည်း အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ (Cyclone Fani) ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူ ၃၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး နေအိမ်ပျက်စီးမှုနဲ့ အမိုးလန်ထွက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဆိုင်ကလုန်းဖန်နီ ဝင်ရောက်တိုက်ခတ်ခြင်းမပြုမီ အိန္ဒိယအာဏာပိုင်တွေက မုန်တိုင်းလမ်းကြောင်းတစ်လျှောက်ရှိ လူဦးရေ ၁.၂ သန်းကို ရွှေ့ပြောင်းပေးထားခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က