နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လာဘ်ယူပြီး ခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဟောင်းကို ပါလန်နီယန်ပန်း ချီဒမ်ဘာရမ် (Palaniappan Chidambaram) ကို အဂတိလိုက်စားမှုနဲ့ ငွေကြေးခဝါချမှုတို့ဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

(Chidambaram ကို ဖမ်းဆီးခေါ်ဆောင်သွားစဉ်) (Photo: The Hindu)

၎င်းဟာ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လာဘ်ယူပြီး ခွင့်ပြုပေးခဲ့မှုဖြင့် စုံစမ်းစစ်ဆေးခံနေရပါတယ်။ အသက် ၇၃ နှစ်အရွယ် ချီဒမ်ဘာရမ်ကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ချီဒမ်ဘာရမ်ဟာ အဓိက အတိုက်အခံ ကွန်ဂရက်ပါတီရဲ့ ထိပ်တန်းအဖွဲ့ဝင်ဖြစ်ပြီး ၁၉၈၄ ခုနှစ်ကတည်းက လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။



ချီဒမ်ဘာရမ်ဟာ ပြည်ထဲရေးဝန်ကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးကြောင်း သိရပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဟောင်း ချီဒမ်ဘာရမ်ကို အိန္ဒိယထောက်လှမ်းရေးအဖွဲ့အစည်း Cenral Bureau of Investigation (CBI) က ဗုဒ္ဓဟူးနေ့ (သြဂုတ် ၂၀ ရက်) ညပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

(ဘဏ္ဍာရေးဝန်ကြီးဟောင်း ချီဒမ်ဘာရမ်) (Photo: Getty Images)

ချီဒမ်ဘာရမ်ကို ဖမ်းဆီးခေါ်ဆောင်သွားစဉ် ၎င်းကိုထောက်ခံသူတွေနဲ့ မီဒီယာများက ယာဉ်တန်းဘေးမှ စုပြုံလိုက်လာကြပြီး ဝရုန်းသုန်းကား အခြေအနေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ချီဒမ်ဘာရမ်ကို မဖမ်းဆီးမီ သြဂုတ် ၁၉ ရက် ညပိုင်းမှာလည်း CBI အရာရှိတွေက ၎င်းကို မေးမြန်းရန်အတွက် ဒေလီမြို့ရှိ နေအိမ်သို့ လာရောက်ခဲ့သေးပေမဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းဟာ နေအိမ်မှာ မရှိခဲ့ပါဘူး။

ဒေလီ ဗဟိုတရားရုံးက ၎င်းရဲ့အာမခံလျှောက်ထားမှုကို ပယ်ချခဲ့ပြီးနောက် ချီဒမ်ဘာရမ်က ဖမ်းဆီးမခံရမီ နာရီပိုင်းအလိုမှာ အိန္ဒိယတရားရုံးချုပ်သို့ ချဉ်းကပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ယခုအမှုကိစ္စဟာ အာဏာရ BJP ပါတီ (Bharatiya Janta Party) ဦးဆောင်တဲ့ အစိုးရက ချီဒမ်ဘာရမ်နဲ့ သားဖြစ်သူ ကာတီတို့ကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုဖြစ်ကြောင်း ၎င်းရဲ့ရှေ့နေက တရားရုံးကိုပြောပါတယ်။

(ချီဒမ်ဘာရမ်ရဲ့သားဖြစ်သူ ကာတီ) (Photo: Getty Images)

ချီဒမ်ဘာရမ်ရဲ့ သားဖြစ်သူ Karti ဟာလည်း ယခုအမှုတွဲမှာ ပါဝင်နေပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဟောင်း ချီဒမ်ဘာရမ်ဟာ ၂၀၀၇ ခုနှစ်အတွင်း INX Group ရဲ့ ဒေါ်လာသန်းနဲ့ချီတန်ကြေးရှိတဲ့ တိုက်ရိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လာဘ်ယူပြီး ခွင့်ပြုပေးခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ ထို့အတူ ၎င်းရဲ့သားဖြစ်သူ Karti ဟာလည်း INX ထံမှ ငွေကြေးများလက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

ချီဒမ်ဘာရမ်တို့ သားအဖနှစ်ဦးလုံးကို CBI နဲ့ Enforcement Directorate (ED) တို့က ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်ပြစ်မှုများဖြင့် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။ CBI က ၂၀၁၈ ခုနှစ်မှာ ချီဒမ်ဘာရမ်ကို ဖမ်းဆီးခဲ့သေးပေမဲ့ နောက်ပိုင်းမှာ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က