အိန္ဒိယမှာ အရွယ်ရောက်ပြီး ဆေးလိပ်သောက်သုံးသူ သန်း ၁၀၀ ကျော်ရှိနေပါတယ်။
Ko John

အိန္ဒိယအစိုးရက အီးစီကရက်များရောင်းချမှု တားမြစ်မိန့်တစ်ရကို စက်တင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ထို့အတူ အီးစီးကရက် ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းနဲ့ ဖြန့်ဖြူးခြင်းတို့ကိုလည်း တရားမဝင်ကြောင်း အိန္ဒိယအစိုးရက ကြေညာပါတယ်။

(Photo: Reuters)

အီးစီးကရက်တွေက လူငယ်ထုအပေါ် သက်ရောက်မှုရှိနေတာကြောင့် တားမြစ်မိန့်ထုတ်ပြန်ရန် အတည်ပြုလိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က ပြောခဲ့ပါတယ်။ အိန္ဒိယမှာ အရွယ်ရောက်ပြီး ဆေးလိပ်သောက်သုံးသူ သန်း ၁၀၀ ကျော်ရှိနေရာ အီးစီးကရက်ကုမ္ပဏီတွေအတွက် ကြီးမားတဲ့ ဈေးကွက်တစ်ခုဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

နီကိုတင်း၊ ရေ၊ ပျော်ဝင်မှုအားပေးအရည်နဲ့ အနံ့အရသာတို့ ပါဝင်ကြတဲ့ အီးစီးကရက်တွေက် ဆေးလိပ်အစားထိုး သောက်စရာတစ်ခုအဖြစ် ဆေးလိပ်ဖြတ်ရာမှာ အကူအညီဖြစ်စေတယ်လို့ ရှုမြင်ထားကြပါတယ်။ သို့သော် အီးစီးကရက်တွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုကိုတော့ ယခုအချိန်အထိ အပြည့်အဝ မသိရသေးကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: Getty Images)

အမေရိကန်နဲ့ အိန္ဒိယမှ အထောက်အထားအရ လူငယ်အချို့ဟာ အီးစီးကရက်သောက်ခြင်း (vaping) ကို စတိုင်လ်ထုတ်မှုတစ်ခုအဖြစ် ယူဆထားကြတယ်လို့ Nirmala Sitharaman က ပြောပါတယ်။ အိန္ဒိယဟာ တရုတ်ပြီးပါက ကမ္ဘာ့ဆေးလိပ်နဲ့ ဆေးရွက်ကြီးထုတ်ကုန် အသုံးပြုမှု ဒုတိယအများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

အိန္ဒိယမှာ ဆေးလိပ်နဲ့ဆေးရွက်ကြီးနဲ့ ဆက်နွယ်နေတဲ့ နေမကောင်းဖြစ်မှုတွေကြောင့် နှစ်စဉ် လူ ၉၀၀,၀၀၀ ကျော် သေဆုံးနေပါတယ်။ အိန္ဒိယဈေးကွက်ဟာ Juul ကဲ့သို့ နာမည်ကြီး အီးစီးကရက်ကုမ္ပဏီတွေအတွက် ဈေးကွက်ချဲ့ထွင်ရန် အဆင်သင့်ဖြစ်နေပုံရတယ်လို့လည်း ဆိုပါတယ်။

(Photo: Reuters)

အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ ၂၀၁၈ ခုနှစ်အတွင်း ဖွာရှိုက်သောက်ရတာမဟုတ်တဲ့ ဆေးရွက်ကြီးနဲ့ အီးစီးကရက်ထုတ်ကုန် ဝယ်ယူအသုံးပြုမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရှိခဲ့ကြောင်းလည်း သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ အဆိုအရ ကမ္ဘာတစ်ဝှမ်း ဆေးလိပ်သောက်သုံးမှုဟာ ပမာဏနည်းပေမဲ့ ပုံမှန်လျော့ကျနေပါတယ်။

သို့သော် အီးစီးကရက်သောက်သုံးမှုကတော့ လျင်မြန်စွာ မြင့်တက်နေခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ခုနစ်သန်းရှိခဲ့ရာမှာ ၂၀၁၈ ခုနှစ်မှာတော့ ၄၁ သန်းအထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကွက်သုတေသနအုပ်စု Euromonitor ရဲ့ ခန့်မှန်းချက်အရ လာမယ့် ၂၀၂၁ ခုနှစ်အရောက်မှာ အရွယ်ရောက်ပြီး အီးစီးကရက်သောက်သုံးသူ ၅၅ သန်းနီးပါး ရှိလာမယ်လို့ သိရပါတယ်။

(Photo: AFP)

အမေရိကန်မှာ အီးစီးကရက်ကြောင့် ကျန်းမာရေးအန္တရာယ်ရှိနိုင်တဲ့ အခြေအနေအဖြစ် ယခုနှစ်အတွင်း အီးစီးကရက်သောက်သုံးမှုကြောင့် အဆုတ်ရောဂါဖြစ်သူ ၄၅၀ ရှိခဲ့ပါတယ်။ ထို့အတူ အမေရိကန်ပြည်နယ် ၃၃ ခုမှာ လူခြောက်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ မီချီဂန်နဲ့ နယူးယော့ခ်ပြည်နယ်တို့က အီးစီးကရက်ကို တားမြစ်ပိတ်ပင်ထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က