မဲရေတွက်မှုတွေ စတင်ခဲ့ပြီးနောက် မကြာမီမှာပင် မိုဒီရဲ့ပါတီ အနိုင်ရကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အိန္ဒိယရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP က အနိုင်ရခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ယနေ့ (မေ ၂၃ ရက်) ပြောပါတယ်။

(အာဆမ်ပြည်နယ်မှာ မိုဒီကို ထောက်ခံသူများ အောင်ပွဲခံစဉ်) (Photo: AFP)

မဲပေးရက် ခုနစ်ရက်သတ်မှတ်ကာ ကျင်းပပြုလုပ်ခဲ့တဲ့ အိန္ဒိယရွေးကောက်ပွဲရဲ့ သန်းပေါင်းများစွာရှိတဲ့ မဲတွေကို ယနေ့ တရားဝင် ရေတွက်ခဲ့ပြီးနောက် မိုဒီရဲ့ပါတီ အပြတ်အသတ် အနိုင်ရကြောင်း သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင် အချက်အလက်တွေအရ ဝန်ကြီးချုပ်မိုဒီရဲ့ Bharatiya Janata Party (BJP) ပါတီက အောက်လွှတ်တော်အမတ် ၅၄၃ နေရာအနက် နေရာ ၃၀၀ ေျကာ်ရရှိထားပြီး အစိုးရဖွဲ့ရန် လိုအပ်တဲ့ အမတ်နေရာ ၂၇၂ နေရာထက် သိသာစွာ ကျော်လွန်ခဲ့ပြီလို့ဆိုပါတယ်။



လက်ရှိ အာဏာရ BJP က အမတ်နေရာများရရှိခဲ့မှုဟာ ၁၉၈၄ ခုနှစ်နောက်ပိုင်း ပါတီတစ်ခုတည်းက ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက် လွှတ်တော်မှာ အမတ်နေရာအများစု ပထမဆုံးအကြိမ် ရရှိမှုလည်းဖြစ်လာပါတယ်။ BJP ပါတီရဲ့ အဓိကပြိုင်ဘက် India Natinoal Congress (INC) ပါတီကတော့ အမတ်နေရာ ၅၁ နေရာ ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင် အချက်အလက်တွေက ဖော်ပြထားပါတယ်။

(အိန္ဒိယဝန်ကြီးချုပ် မိုဒီ) (Photo: Reuters)

မဲအရေအတွက် သန်း ၆၀၀ ကို စတင်ရေတွက်ပြီး နှစ်နာရီအကြာ ဒေသစံတော်ချိန် မနက် ၁၀ နာရီအချိန် ရလဒ်တွေအရ BJP ပါတီ ဦးဆောင်တဲ့ National Democratic Alliance (NDA) မဟာမိတ်ပါတီအုပ်စုက လွှတ်တော်အမတ်နေရာ ၃၂၄ နေရာ ရရှိထားပြီး ပြိုင်ဘက် INC ပါတီဦးဆောင်တဲ့ United Progressive Alliance (UPA) အုပ်စုကတော့ အမတ်နေရာ ၁၁၁ နေရာ ရရှိထားကြောင်း အိန္ဒိယရုပ်မြင်သံကြားသတင်းဌာန NDTV က ပြောပါတယ်။

မွန်းလွဲပိုင်းမှာတော့ ထပ်မံသိရတဲ့ သတင်းတွေအရ BJP ပါတီဦးဆောင်တဲ့ NDA မဟာမိတ်အုပ်စုက လွှတ်တော်အမတ်နေရာ ၃၄၅ နေရာနဲ့ INC ပါတီဦးဆောင်တဲ့ UPA အုပ်စုက အမတ်နေရာ ၈၆ နေရာရရှိခဲ့တယ်လို့ သိရပါတယ်။ BJP ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj က BJP က ကြီးမားတဲ့အောင်ပွဲတစ်ရပ်ကို ရရှိခဲ့ကြောင်း ၎င်းရဲ့ Twitter မှာ ရေးထားပါတယ်။ အိန္ဒိယရွေးကောက်ပွဲ မဲရေတွက်မှုတွေကို ယနေ့ ဒေသစံတော်ချိန် မနက် ၈ နာရီမှာ စတင်ခဲ့ကြပါတယ်။

(ရာအူးလ်ဂန္ဓီနှင့် ညီမဖြစ်သူ ပရီယန်ကာ) (Photo: Getty Images)

"ကျွန်တော်တို့ အသာမရတာ သေချာပါတယ်၊ ကျွန်တော်တို့ တရားဝင် ရလဒ်ကိုစောင့်ဖို့လိုပါတယ်၊ ဒါပေမဲ့ အခုကြည့်ရတာတော့ အခြေအနေမကောင်းပါဘူး" လို့ INC ပါတီ ပြောခွင့်ရပုဂ္ဂိုလ် Salman Soz က ပြောပါတယ်။ လက်ရှိ ထွက်ပေါ်လာတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ရွေးကောက်ပွဲမှာ BJP ပါတီ အပြတ်အသတ် အနိုင်ရရှိမှုနဲ့အတူ အသက် ၆၈ နှစ်အရွယ် မိုဒီက အိန္ဒိယဝန်ကြီးချုပ်အဖြစ် နောက်ထပ်ငါးနှစ်သက်တမ်း ဆက်ရှိနေမှာဖြစ်ပါတယ်။

ယနေ့ညပိုင်း သတင်းတွေအရ BJP ပါတီရဲ့ အဓိကပြိုင်ဘက် NIC ပါတီ ဥက္ကဋ္ဌရာအူးလ်ဂန္ဓီကလည်း ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း လက်ခံလိုက်ပြီး ဝန်ကြီးချုပ်မိုဒီကို အနိုင်ရရှိမှုအတွက် ဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာလည်း BJP ပါတီက လွှတ်တော်အမတ်နေရာ ၂၈၂ နေရာ ရရှိခဲ့ပြီး နှစ်ပေါင်း ၃၀ အတွင်း အိန္ဒိယမှာ ပါတီတစ်ခုက အကြီးဆုံးအောင်ပွဲရမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

(ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီအထိ မဲရရှိမှု အခြေအနေ) (Infograph: BBC)

ထိုစဉ်က မဟာမိတ်ပါတီတွေနဲ့ ပူးပေါင်းမှုအရ BJP ဦးဆောင်တဲ့အုပ်စုဟာ လွှတ်တော်မှာ အမတ်နေရာ ၃၆၃ နေရာရရှိထားခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်မှာတော့ BJP က ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲကထက်ပင် ပိုမို အောင်မြင်မှုရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၉ ခုနှစ် အိန္ဒိယရွေးကောက်ပွဲကို ဧပြီ ၁၁ ရက်မှ မေ ၁၉ ရက်အတွင်း မဲပေးရက် ခုနစ်ရက် သတ်မှတ်ကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ သန်း ၉၀၀ ရှိပြီး နိုင်ငံတစ်ဝှမ်း မဲရုံပေါင်းတစ်သန်းဖြင့် ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အိန္ဒိယရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၂,၀၀၀ ကျော်နဲ့ ကိုယ်စားလှယ်လောင်း ၈,၀၀၀ က အောက်လွှတ်တော်အမတ်နေရာ ၅၄၃ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပါတီတစ်ခု သို့မဟုတ် မဟာမိတ်ပါတီအုပ်စုတစ်ခုက အစိုးရဖွဲ့စည်းနိုင်ရန် အနည်းဆုံး လွှတ်တော်အမတ် ၂၇၂ ဦး လိုအပ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က