နောက်ထပ် မိုးသက်မုန်တိုင်းအန္တရာယ် သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်မှာ ဇူလိုင် ၂၆ ရက်ကတည်းက မိုးသက်မုန်တိုင်းကျပြီး မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့် အဆောက်အအုံ ပြိုကျမှုများ ဖြစ်ပေါ်ခဲ့မှုအတွင်း လူ ၄၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အိန္ဒိယမှာ ရေကြီးနေမှု (Photo: India TV)





အိန္ဒိယ မိုးလေဝသဌာနက နောက်ထပ် မိုးသက်မုန်တိုင်းအန္တရာယ် သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်းလည်း သိရပါတယ်။ လတ်တလော ရာသီဥတုဆိုးရွားမှုကြောင့် သေဆုံးခဲ့သူတွေအနက် အချို့ဟာ အဆောက်အအုံပြိုကျခဲ့မှုများအတွင်း သေဆုံးခဲ့ပါတယ်။

အခြား သေဆုံးမှုတွေကတော့ ရေနစ်မှု၊ ဓာတ်လိုက်မှု သို့မဟုတ် မိုးရွာသွန်းမှုနဲ့ ဆက်နွယ်ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုများကြောင် သေဆုံးခဲ့ကြောင်း သဘဝဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောပါတယ်။

အိန္ဒိယမှာ ရေကြီးမှုကြောင့် လမ်းမပျက်စီးမှု (Photo: AFP)



လူဦးရေ သန်း ၂၂၀ နေထိုင်ကြတဲ့ အူတာပရာဒက်ရှ်ပြည်နယ်မှာ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ပြီး ပြိုကျနိုင်မှု အန္တရာယ်ရှိတဲ့ အဆောက်အအုံ အားလုံးမှာနေထိုင်ကြသူတွေကို ရွှေ့ပြောင်းရန်တိုက်တွန်းထားပါတယ်။ နယူးဒေလီနဲ့ အိန္ဒိယအနောက်ပိုင်း ရာဂျက်စသန်ပြည်နယ်တွေမှာလည်း မိုးများအဆက်မပြတ် ရွာသွန်းနေခဲ့ကြောင်း သိရပါတယ်။

ရာဂျက်စသန်ပြည်နယ် Bharatpur ဒေသမှာ ဇူလိုင် ၂၇ ရက်က ၂၄ နာရီအတွင်း မိုးရေချိန် ၁၁ စင်တီမီတာအထိ ရွာသွန်းခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာနက ပြောပါတယ်။

အိန္ဒိယမြောက်ပိုင်းမှာ ရေကြီးနေမှု (Photo: AFP)



နယူးဒေလီရှိ ယမုံနာမြစ်ရဲ့ မြစ်ရေအခြေအနေဟာ ယနေ့ (ဇူလိုင် ၃၈ ရက်) မှာ စိုးရိမ်ရေအမှတ် ၆၆၉ ပေ (၂၀၄ မီတာ) အထက်ကို ၃ ပေကျော် (တစ်မီတာ) ခန့် မြင့်တက်နေပြီး အာဏပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အဆိုပါမြစ်ရဲ့ မြစ်ရေဟာ နောက်ထပ် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဒေလီအစိုးရက ပြောခဲ့ပါတယ်။ အိန္ဒိယမိုးလေဝသဌာနက နောက်ငါးရက်အတွင်း မြောက်ပိုင်းဒေသ အများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။

အူတာပရာဒက်ရှ်ပြည်နယ် တည်နေရာပြမြေပုံ (Map: Google)



ယခုနှစ် မုတ်သုံရာသီအတွင်း အိန္ဒိယပြည်နယ် ၆ ခုမှာ ရေကြီးမြေပြိုမှုများနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ဆက်နွယ်နေတဲ့ မတော်တဆမှုတွေကြောင့် လူဦးရေ ၅၃၇ ဦးအထိ သေဆုံးခဲ့ပါတယ်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ National Emergency Response Centre (NERC) က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ ရေကြီးမြေပြိုမှု၊ မိုးရွာသွန်းမှုနဲ့ဆက်နွယ်တဲ့ မတော်တဆမှုတွေကြောင့် ယခုအချိန်ထိ မဟာရက်ရှ်ထရာပြည်နယ်မှာ ၁၃၉ ဦး၊ ကီရာလာပြည်နယ်မှာ ၁၂၆ ဦး၊ အနောက်ဘင်ဂေါပြည်နယ်မှာ ၁၁၆ ဦး၊ အူတာပရာဒက်ရှ်ပြည်နယ်မှာ ၇၀ ဦး၊ ဂူဂျရတ်ပြည်နယ်မှာ ၅၂ ဦးနဲ့ အက်ဆမ်ပြည်နယ်မှာ ၃၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအတွင်း လတ်တလော ရေကြီးနေမှုများ

လတ်တလော ရက်များအတွင်း မြန်မာနိုင်ငံမှာလည်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့ရှိ နေရာဒေသတွေမှာ မြစ်ရေများမြင့်တက်မှုကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်နေပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ရေကြီးနေမှုကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပိုင်းကို ယနေ့ ညနေပိုင်းအထိ ပိတ်ထားကြောင်း သိရပါတယ်။ ဘီးလင်းမှာ ယနေ့မနက်ပိုင်းမှစပြီး သိသိသာသာ ရေကြီးလာခဲ့ကာ ညနေပိုင်းအထိ ရေမကျသေးဘူးလို့ ဆိုပါတယ်။

ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ကားလမ်းမပေါ် လေးပေခန့်အထိ ရေမြင့်တက်လွှမ်းမိုးနေပြီး သထုံနဲ့ဘီးလင်းကြားရှိ လမ်းပိုင်းနေရာမှာ ဆိုးရွားစွာ ရေကြီးနေပါတယ်။

ပဲခူးမြို့မှာ ရေကြီးနေမှုမြင်ကွင်းတစ်ခု (Photo: ဂျေမောင်မောင် (အမရပူရ)/7Day Daily)



ဘီးလင်းမြို့မှာ ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်း ၂၃ ခု ဖွင့်ထားရပြီး ရေဘေးသင့်ပြည်သူ ၂,၀၀၀ ကျော်ခန့်ရှိကာ စာသင်ကျောင်း ၁၂ ကျောင်းပိတ်ထားခဲ့ရတယ်လို့ 7Day Daily သတင်းက ယနေ့ညပိုင်းမှာ ဖော်ပြထားပါတယ်။

အလားတူ ပဲခူးမြို့မှာလည်း ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး လူဦးရေ ၃၀,၀၀၀ ခန့် ရေဘေးသင့်နေကြောင်းနဲ့ ကယ်ဆယ်ရေးစခန်း ၁၉ ခု ဖွင့်လှစ်ထားရကြောင်း သိရပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာလည်း သံလွင်မြစ်ရေ ထပ်မံ မြင့်တက်လာမှုကြောင့် လူဦးရေ ၆,၀၀၀ နီးပါး ရေကြီးမှုကြုံနေရပြီး ကယ်ဆယ်ရေးစခန်း ၁၂ ခု ဖွင့်လှစ်ထားရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က