ကက်ရှ်မီးယားမှာ တင်းမာမှုတွေ မြင့်တက်နေပြီး မတည်မငြိမ်မှု ပိုဖြစ်လာနိုင်ကြောင်း စိုးရိမ်နေကြပါတယ်။

မတည်မငြိမ်မှုတွေရှိနေတဲ့ ကက်ရှ်မီးယားကို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားမှုအား အိန္ဒိယအစိုးရက ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ သိရပါတယ်။

(Photo: AFP)

အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းလိုက်ခြင်းကြောင့် ကက်ရှ်မီးယားကို အိန္ဒိယအစိုးရကသာ တိုက်ရိုက် ကိုင်တွယ်အုပ်ချုပ်သွားတော့မှ ဖြစ်ပါတယ်။ အိန္ဒိယ ဗဟိုအစိုးရက ကက်ရှ်မီးယားကို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ Article 370 ကို ပယ်ဖျက်မှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Amit Shah က ယမန်နေ့ (သြဂုတ် ၅ ရက်) မှာ လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။



အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ Aritcle 370 အရ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေပြီး မတည်မငြိမ်ဖြစ်နေတဲ့ ကက်ရှ်မီးယားကို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် သတ်မှတ်ထားပြီး အိန္ဒိယပြည်နယ်ဖြစ်တဲ့ ဂျမူးနဲ့ကက်ရှ်မီးယားမှာ ကိုယ်ပိုင်ဥပဒေများ ကျင့်သုံးစေခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ယမန်နေ့က ကက်ရှ်မီးယားကို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်မှ ပယ်ဖျက်ကြောင်း မကြေညာမီ နာရီပိုင်းအလိုမှာ ထိုဒေသအတွင်း တယ်လီဖုန်းနဲ့ အင်တတာနက် ဝန်ဆောင်မှုများ ဖြတ်တောက်ထားခဲ့ပြီး ဂျမူးနဲ့ကက်ရှ်မီးယားပြည်နယ် ခေါင်းဆောင်တွေကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့ပါတယ်။ 

ကက်ရှ်မီးယားဒေသမှာ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအုပ်စုတွေက တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း အိန္ဒိယအစိုးရက သောကြာနေ့ (သြဂုတ် ၂ ရက်) မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် တင်းမာမှုတွေ မြင့်တက်နေခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ထိုသို့ သတိပေးချက် ထုတ်ပြန်မှုကြောင့် ကက်ရှ်မီးယားမှာရှိနေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ အလုပ်သမားတွေ အပါအဝင် ထောင်နဲ့ချီပြီး ထွက်ခွာသွားခဲ့ကြပါတယ်။ ပါကစ္စတန်ကတော့ တိုက်ခိုက်မှုတွေဖြစ်လာနိုင်ကြောင်း အိန္ဒိယရဲ့ အခိုင်အမာ သတိပေးပြောဆိုမှုတွေကို ပယ်ချထားကြောင်း သိရပါတယ်။

(Map: BBC)

အိန္ဒိယနဲ့ပါကစ္စတန်တို့က မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ ကက်ရှ်မီးယားဒေသဟာ ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း အသီးသီး ပြောဆိုမှုတွေရှိပါတယ်။ သို့သော် အဆိုပါဒေသရဲ့ မတူညီတဲ့ နယ်မြေအစိတ်အပိုင်းတွေကို တစ်နိုင်ငံစီက ထိန်းချုပ်ထားပြီး အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနဲ့ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားအဖြစ် ရှိနေခဲ့ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ဖူးပြီး တစ်ကြိမ်ကတော့ ကက်ရှ်မီးယားအရေးကြောင့် ဖြစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က