နိုင်ငံသားစာရင်းမှာ မပါဝင်သူတွေဟာ ရက်ပေါင်း ၁၂၀ အတွင်း အသနားခံလွှာ လျှောက်ထားရမှာပါ။
Ko John

အိန္ဒိယအစိုးရက ယနေ့ (သြဂုတ် ၃၁ ရက်) ထုတ်ပြန်လိုက်တဲ့ နိုင်ငံသားဖြစ်ခွင့်ရှိသူစာရင်းအရ အရှေ့မြောက်ပိုင်းဒေသရှိ အာဆမ်ပြည်နယ်မှ လူဦးရေ နှစ်သန်းနီးပါးဟာ တရားဝင် အိန္ဒိယနိုင်ငံသား မဟုတ်ကြောင်း ကြေညာပါတယ်။

(Photo: AFP)

အိန္ဒိယက ထုတ်ပြန်လိုက်တဲ့ နိုင်ငံသားစာရင်းအရ အဆိုပါ လူဦးရေ ၁.၉ သန်းဟာ နိုင်ငံမဲ့အခြေအနေ ဖြစ်လာခဲ့ပါတယ်။ အာဆမ်ပြည်နယ်မှာ စိမ့်ဝင်လာတဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ်ရှင်းလင်းရန် ရည်ရွယ်ချက်ဖြင့် တရားဝင် နိုင်ငံသားစာရင်းကို စစ်ဆေးထုတ်ပြန်ခဲ့ပါတယ်။

အာဆမ်မှာ ပြုလုပ်ခဲ့တဲ့ နောက်ဆုံးအဆင့် နိုင်ငံသားမှတ်ပုံတင်ရေး (National Register of Citizens - NRC) လုပ်ငန်းစဉ်အရ စုစုပေါင်း လူဦးရေ ၃၁.၁ သန်းဟာ တရားဝင် နိုင်ငံသားအဖြစ် ပါဝင်ခဲ့ပြီး ၁.၉ သန်းကတော့ အထောက်အထား မလုံလောက်ဘဲ နိုင်ငံသားဖြစ်ရန် အရည်အချင်းမပြည့်မီသူတွေဖြစ်ကြောင်း အာဆမ်ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(Photo: EPA)

နိုင်ငံသားဖြစ်ရန် အရည်အချင်းမပြည့်မီသူ ၁.၉ သန်းအနက် အများစုဟာ မွတ်စလင်မ်တွေဖြစ်နိုင်ကြောင်း AFP သတင်းက ပြောပါတယ်။ ယခု ပြုလုပ်ခဲ့တဲ့ NRC လုပ်ငန်းစဉ်အရ အိန္ဒိယကို ၁၉၇၁ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ရောက်ရှိလာခဲ့ကြောင်း အထောက်အထား ပြသနိုင်ရမယ်လို့ ဆိုပါတယ်။

ထိုရက်ဟာ အိန္ဒိယရဲ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က ပါကစ္စတန်ထံမှ လွတ်လပ်ရေးမကြေညာမီ တစ်ရက်အလိုလည်း ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲကာလအတွင်း အိန္ဒိယနိုင်ငံအတွင်းသို့ လူဦးရေ သန်းနဲ့ချီ ထွက်ပြေးဝင်ရောက်ခဲ့ကြရာ လက်ရှိမှာ လူဦးရေ ၃၃ သန်းရှိတဲ့ အာဆမ်ပြည်နယ်ကို အခြား နေရာတွေထက် ပိုမိုစုံပြုံရောက်ရှိခဲ့ကြောင်း သိရပါတယ်။

(Photo: Anupam Nath/AP Photo)

ထိုအခြေအနေက အာဆမ်ပြည်နယ်အတွင်း ဘာသာရေးနဲ့ လူမျိုးနွယ်စု တင်းမာမှုတွေကို ဆယ်စုနှစ်များကြာ ပေါ်ပေါက်နေစေခဲ့တယ်လို့ ဆိုပါတယ်။ အာဆမ်ပြည်နယ်မှာ ၁၉၈၃ ခုနှစ်က လူ ၂,၀၀၀ ခန့်ကို အစုအပြုံလိုက် သတ်ဖြတ်မှုအပါအဝင် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ဖူးပါတယ်။

အဆိုပါ ဖြစ်ရပ်တွေကြောင့်လည်း အာဆမ်မှာ တရားဝင် နိုင်ငံသားစာရင်း စိစစ်ထုတ်ပြန်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောထားပါတယ်။ ယနေ့ထုတ်ပြန်လိုက်တဲ့ တရားဝင် နိုင်ငံသားစာရင်းမှာ မပါဝင်သူတွေဟာ ရက်ပေါင်း ၁၂၀ အတွင်း အသနားခံလွှာ လျှောက်ထားရမယ်လို့ သိရပါတယ်။

(Photo: Anuwar Hazarika/Reuters)

လက်ရှိမှာတော့ အိန္ဒိယနိုင်ငံသားစာရင်းမှာ မပါဝင်ခဲ့တဲ့ လူဦးရေ ၁.၉ သန်းဟာ နောက်ထပ် မည်သို့ ဆက်ဖြစ်မည်ကို ရှင်းလင်းစွာ မသိရသေးပါဘူး။ အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ရွှေ့ပြောင်းလာသူတွေကို သိရှိဖော်ထုတ်ရန် နိုင်ငံသားမှတ်ပုံတင်ရေး လုပ်ငန်းစဉ် လိုအပ်ကြောင်း ပြောပါတယ်။

အိန္ဒိယအာဏာပိုင်တွေက နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာခဲ့ကြောင်း သံသယရှိတဲ့ နိုင်ငံခြားသား ထောင်နဲ့ချီ အရေအတွက်ကို ယခင်ကတည်းက အကျဉ်းထောင်များအတွင်း စီစဉ်ထားတဲ့ ယာယီစခန်းတွေမှာ ထိန်းသိမ်းထားခဲ့ပါတယ်။ သို့သော် ၎င်းတို့ကို လတ်တလောမှာ ပြည်နှင်ဒဏ်ပေးခြင်း မရှိသေးကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က