မြေပိုင်ရှင် အပါအဝင် လူလေးဦးကို လူသေမှုဖြင့် ဖမ်းဆီးထားပါတယ်။

အိန္ဒိယနိုင်ငံ ဒေလီမြို့အပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ လူနေတိုက်ခန်းတွဲ ပြိုကျမှုအတွင်း သေဆုံးသူ အရေအတွက်ဟာ ကိုးဦးအထိ မြင့်တက်လာကြောင်း မီးသတ်ဌာနက ယနေ့ (ဇူလိုင် ၁၉ ရက်) ပြောပါတယ်။

Photo: Prakash SINGH/AFP





အရေးပေါ် ကယ်ဆယ်ရေးသမားတွေက နောက်ထပ် ရုပ်အလောင်း ၄ လောင်းကို တိုက်ခန်းတွဲ အပျက်အစီးများထဲမှ ဆွဲထုတ်နိုင်ခဲ့ပြီး နောက်ထပ် လူ ၂၀ ထက်မနည်း ပိတ်မိနေနိုင်သေးတယ်လို့ ဆိုပါတယ်။

Greater Noida မြို့ရှိ အထပ်ခြောက်ထပ်ပါ လူနေတိုက်ခန်းတွဲဟာ ဇူလိုင် ၁၇ ရက် ညပိုင်းမှာ ပြိုကျခဲ့ရာ ကပ်လျက်တည်ရှိတဲ့ အခြား အဆောက်အအုံပါ ထိခိုက်ပြိုကျခဲ့ပါတယ်။ အဆောက်အအုံ ပြိုကျမှုအတွင်း အလုပ်ကြမ်းသမားတွေနဲ့ မိသားစုနှစ်ခု အပါအဝင် လူဦးရေ နှစ်ဒါဇင်ကျော် ပိတ်မိခဲ့ကြပါတယ်။

အဆောက်အအုံ အပျက်အစီးများထဲမှ အလောင်း ၅ လောင်းကို ယမန်နေ့ (ဇူလိုင် ၁၈ ရက်) မှာ ဆွဲထုတ်ရယူနိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးသမား ၁၅၀ နီးပါးက သံမဏိဖြတ်စက်၊ မြေတူးစက်များသုံးပြီး အနံ့ခံခွေးများ အကူအညီဖြင့် ပိတ်မိနေသူတွေကို ရှာဖွေခဲ့ကြပါတယ်။

Photo: Prakash SINGH/AFP



"ကျွန်တော်တို့ နောက်ထပ် အလောင်း ၄ လောင်းကို ရှာဖွေတွေ့ခဲ့ပါတယ်၊ အဆောက်အအုံ အပျက်အစီးတွေ အားလုံးကို ရှင်းလင်းပြီးတဲ့အထိ ရှာဖွေရေးလုပ်ငန်း ဆက်လက် လုပ်ဆောင်သွားမှာပါ" လို့ ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့အရာရှိ အာရွှန်ကူးမားက AFP သတင်းဌာနကို ယနေ့ ပြောခဲ့ပါတယ်။

တိုက်ခန်းပြိုကျမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က မြေပိုင်ရှင် အပါအဝင် လူ ၄ ဦးကို လူသေမှုဖြင့် ဖမ်းဆီးထားပြီး အခြား လူ ၂၀ ကို စစ်ဆေးမေးမြန်းရန် စီစဉ်နေပါတယ်။

Photo: Prakash SINGH/AFP



လတ်တလော နှစ်များအတွင်း လူဦးရေ သန်း ၂၀ နေထိုင်ကြတဲ့ ဒေလီမြို့ ပတ်ဝန်းကျင်မှာ ရာနဲ့ချီတဲ့ တန်ဖိုးနည်း လူနေတိုက်ခန်းများ ဆောက်လုပ်လာခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းအချို့က ဈေးပေါတဲ့ပစ္စည်းများ မကြာခဏ အသုံးပြုမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ အဆောက်အအုံ ပြိုကျမှုများ ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မိုးရာသီကာလဖြစ်တဲ့ ဇွန်လမှ စက်တင်ဘာလအတွင်း အများဆုံး ဖြစ်ပွားလေ့ရှိပါတယ်။ ယခုဖြစ်ပွားခဲ့တဲ့ ခြောက်ထပ်တိုက်ပြိုကျမှုမှာမူ လတ်တလော မိုးသည်းထန်စွာ ရွာသွန်းမှုခဲ့မှုကြောင့်ဟုတ် မဟုတ် မသိနိုင်သေးဘူးလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က