သေဆုံးသူအများစုဟာ အသက် ၅၀ ကျော်အရွယ်တွေ ဖြစ်ကြပါတယ်။

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ အပူချိန်ပြင်းထန်မှုကြောင့် ၂၄ နာရီအတွင်း လူ ၅၀ နီးပါး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ဇွန်လ ၁၆ ရက်မှာ ပြောပါတယ်။

(Photo: ANI)

အိန္ဒိယမှာ အပူချိန်များမြင့်တက်နေခဲ့မှုဟာ တတိယ သီတင်းပတ်အတွင်း ရောက်ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ ဆင်းရဲတဲ့ နေရာဒေသသုံးခုမှာ အပူဒဏ်ကြောင့် သေဆုံးမှုတွေဖြစ်ခဲ့ကြောင်း ထိုနေရာတွေမှာ အပူချိန်ဟာ ၄၅ ဒီဂရီဆဲလ်စီးယပ်ဝန်းကျင်သို့ လတ်တလော ရက်ပိုင်းအတွင်း မြင့်တက်ရောက်ရှိနေခဲ့ကြောင်း ကျန်းမာရေးဌာနမှ အကြီးတန်းအရာရှိ ဗီဂျေးကူးမားက AFP သတင်းဌာနကို ပြောပါတယ်။



မိုးခေါင်မှုကြုံနေတဲ့ ဘီဟာပြည်နယ် Magadh နယ်မြေအတွင်းရှိ နေရာဒေသသုံးခုမှာ လူ ၄၉ ဦး သေဆုံးခဲ့ကြောင်း ၎င်းက အတည်ပြုခဲ့ပါတယ်။ "စနေနေ့ (ဇွန် ၁၅ ရက်) မွန်းလွဲပိုင်းမှာ ရုတ်တရက် ဖြစ်လာခဲ့တာ၊ လူတွေ အပူလျှပ်ပြီး ဆေးရုံတွေကို ရောက်လာခဲ့ကြတယ်၊ သူတို့ထဲက အများစုက စနေနေ့ညပိုင်းနဲ့ အချို့ကတော့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ကုသနေရင်းနဲ့ပဲ သေဆုံးခဲ့ကြတယ်" လို့ ဗီဂျေးကူးမားက ပြောပါတယ်။

(Photo: AFP)

ဘီဟာပြည်နယ် Aurangabad ဒေသရှိ အစိုးရဆေးရုံမှာလည်း အပူဒဏ်ခံရသူ ၄၀ ခန့်ကို ကုသပေးနေရကြောင်း သိရပါတယ်။ အပူလျှပ်မှုကြောင့် ဆေးရုံကို လူနာတွေ ထပ်ရောက်လာနေဆဲဖြစ်ပြီး အပူလှိုင်းကျရောက်မှု ဆက်လက်ဖြစ်နေပါက နောက်ထပ် သေဆုံးမှုတွေ ရှိလာနိုင်ကြောင်း ကျန်းမာရေးဌာန အကြီးတန်းအရာရှိက ပြောပါတယ်။

အပူဒဏ်ကြောင့် သေဆုံးသူအများစုဟာ အသက် ၅၀ ကျော်အရွယ်တွေ ဖြစ်ကြပြီး ၎င်းတို့ဟာ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ အော့အန်တဲ့ လက္ခဏာတွေများနဲ့အတူ သတိမေ့မြေလု အခြေအနေဖြင့် ဆေးရုံတွေကိုရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။ အပူဒဏ်ကြောင့် Aurangabad ဒေသမှာ ၂၇ ဦး၊ Gaya မှာ ၁၅ ဦးနဲ့ Nawada မှာ ၇ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

(Photo: Getty Images)

ဘီဟာပြည်နယ်ဝန်ကြီးချုပ် Nitish Kumar က သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုကို အိန္ဒိယရူပီးငွေ ၄၀၀,၀၀၀ (မြန်မာငွေ ၈၈ သိန်းခန့်) နစ်နာကြေးပေးအပ်သွားမယ်လို့ ကြေညာပါတယ်။ အိန္ဒိယကျန်းမာရေးဝန်ကြီးက အပူချိန်များ လျော့ကျမသွားမချင်း နေအိမ်ပြင်ပ သွားလာလှုပ်ရှားမှုတွေ မလုပ်သင့်ကြောင်း ပြောခဲ့ပါတယ်။

"ပြင်းထန်လွန်းတဲ့ အပူချိန်က ဦးနှောက်ကို ထိခိုက်စေပြီး ကျန်းမာရေးပြဿနာတွေ ဖြစ်စေပါတယ်" လို့ ဝန်ကြီးက သတိပေးပါတယ်။ အိန္ဒိယမြောက်ပိုင်း နေရာဒေသအများအပြားမှာ အပူချိန်မြင့်တက်နေခဲ့မှုဟာ သီတင်းနှစ်ပတ်ကျော် ကြာပြီလို့ဆိုပါတယ်။ သဲကန္တရာနယ်မြေဖြစ်တဲ့ ရာဂျက်စတန်ပြည်နယ်မှာ အပူချိန် ၅၀ ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်ခဲ့ကြောင်းလည်း သိရပါတယ်။ ထပ်မံသိရတဲ့ သတင်းတွေအရ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ အပူဒဏ်ကြောင့် သေဆုံးသူအရေအတွက် ၇၈ ဦးအထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

၂၀၁၅ ခုနှစ်အတွင်းက အပူလှိုင်းကျရောက်မှုကြောင့် အိန္ဒိယနဲ့ပါကစ္စတန်မှာ လူဦးရေ ၃,၅၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း သုတေသနပညာရှင်တွေရဲ့ ပြောကြားမှုအရ ကမ္ဘာတစ်ဝှမ်း ပူနွေးလာမှုကို တန်ပြန်ဆောင်ရွက်မှုမရှိပါက ယခုရာစုနှစ်အကုန်မှာ တောင်အာရှဒေသရဲ့ အပူချိန်ဟာ ရှင်သန်နေထိုင်ရန်မလွယ်တဲ့ အခြေအနေအထိ မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။ တောင်အာရှဒေသမှာ ကမ္ဘာ့လူဦးရေ ငါးပုံတစ်ပုံ နေထိုင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က