ရာဂျက်စတန်ပြည်နယ်တစ်ခုလုံးမှာ အပူချိန်မြင့်တက်မှုတွေ သိသာစွာဖြစ်ခဲ့ပါတယ်။
အိန္ဒိယမြောက်ပိုင်းမှာ ပြင်းထန်တဲ့ အပူလှိုင်းကြောင့် အပူချိန် ၅၀ ဒီဂရီဆဲလ်စီးယပ်ကျော်အထိ မြင့်တက်ခဲ့ပြီး ရေပြတ်လပ်မှုနဲ့ အပူလျှပ်မှုတွေ ဖြစ်နိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားရပါတယ်။

(Photo: AFP/Himanshu SHARMA)

ရာဂျက်စတန်ပြည်နယ် သဲကန္တာရဒေသအတွင်းရှိ ချူရူးမြို့ (Churu) ရဲ့ အပူချိန်ဟာ ဇွန် ၁ ရက်နေ့မှာ ၅၀.၆ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာနက ပြောပါတယ်။ ရာဂျက်စတန်ပြည်နယ် တစ်ခုလုံးမှာ အပူချိန်မြင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အပူချိန် ၄၇ ဒီဂရီဆဲလ်စီးယပ်အထက်သို့ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။



၂၀၁၆ ခုနှစ် မေလအတွင်း ရာဂျက်စတန်ပြည်နယ် ဖာလိုဒီမြို့ငယ်မှာ အပူချိန် ၅၁ ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့ဖူးပြီး အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံး အပူချိန်အဖြစ် စံချိန်တင်ခဲ့ကြောင်းလည်း သိရပါတယ်။ ရာဂျက်စတန်၊ မဟာရက်ရှ်ထရာ၊ မတ်ဟ်ယာ ပရာဒက်ရှ်၊ ပန်ဂျပ်၊ ဟာယာနာနဲ့ အူတာပရာဒက်ရှ်ပြည်နယ်တွေမှာ အပူချိန်များ တစ်ပတ်ကြာအထိ မြင့်တက်နေနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ပြောထားပါတယ်။

(Photo: AP)

အိန္ဒိယမှာ အပူဒဏ်ကြောင့် သေဆုံးမှုသတင်းတွေလည်း ယခင်ကတည်းက ထွက်ပေါ်နေခဲ့ပါတယ်။ အိန္ဒိယမြို့တော် နယူးဒေလီမြို့မှာလည်း အပူချိန် ၄၆ ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်ခဲ့ပြီး အပူဒဏ်အန္တရာယ် သတိပေးမှုကို အနီရောင်အဆင့် ထုတ်ပြန်ထားပါတယ်။ နယူးဒေလီမြို့ခံတွေကို တစ်နေ့တာရဲ့ အပူဆုံးအချိန်တွေမှာ နေအိမ်ပြင်ပ သွားလာနေထိုင်ခြင်း မပြုကြရန် အာဏာပိုင်တွေက အကြံပြုတိုက်တွန်းထားပါတယ်။

အပူချိန်များ မြင့်တက်နေတဲ့ အိန္ဒိယမှာ တောင်တန်းဒေသဖြစ်တဲ့ ဟီမာချဲလ် ပရာဒက်ရှ်ပြည်နယ်မှာလည်း အပူချိန်ဟာ ၄၄.၉ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ အပူချိန်များ မြင့်တက်နေမှုကြောင့် ချင်နိုင်းမြို့ အပါအဝင် အိန္ဒိယမြို့ကြီးတွေမှာ ရေကန်နဲ့မြစ်များ ရေခမ်းခြောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

(Photo: Arun Sankar/AFP)

အိန္ဒိယအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှာ ရေပြတ်လပ်မှုကြောင့် တိရိစ္ဆာန်များနဲ့ ကောက်ပဲသီးနှံအတွက် ရေရရှိနိုင်ရန် လယ်သမားများ ရုန်းနေရပါတယ်။ "အနီးအနား ရွာတွေကိုသွားပြီး ရေတိုင်ကီတွေနဲ့ ရေစုဆောင်းရယူနေရတယ်၊ သိုလှောင်ထားတဲ့ရေတွေ၊ ရေကန်နဲ့ မြစ်တွေက ရေခမ်းခြောက်ကုန်ပြီ၊ လယ်သမားတွေက သူတို့ မွေးမြူထားတဲ့ တိရိစ္ဆာန်တွေအတွက် သုံးရက်တစ်ကြိမ်ပဲ ရေရရှိကြတယ်" လို့ အပူချိန်မြင့်တက်မှု အဆိုးရွားဆုံး နေရာတစ်ခုဖြစ်တဲ့ ဘီးဒ်မြို့မှ ဒေသခံ Rajesh Chandrankant က ပြောခဲ့ပါတယ်။

(Photo: AFP)

ဘီးဒ်မြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေပြတ်လပ် ပိုမိုဆိုးရွားလာခဲ့မှုဟာ ငါးနှစ်ကြာပြီဖြစ်ကြောင်း မိသားစုဝင် ခုနစ်ဦးရှိသူ လယ်သမား Raghunath Tonde က ဆိုပါတယ်။ "ရက်နဲ့ချီပြီး သောက်စရာ ရေမရှိဖြစ်နေတယ်၊ သုံးရက်တစ်ကြိမ်ပဲ တစ်ရွာလုံးအတွက် ရေကားတစ်စီးစာ ရကြတယ်၊ ကျွန်တော်တို့အသက်တွေနဲ့ အသက်မွေးဝမ်းကျောင်းဖို့အတွက် ထိတ်လန့်စရာကောင်းနေပြီ" လို့ အဆိုပါ လယ်သမားက AFP ကို ပြောပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ၄၀ ရာခိုင်နှုန်းဟာ ယခုနှစ်မှာ မိုးခေါင်မှုကြုံရကြောင်း Gandhinagar မြို့ရှိ Indian Institute of Technology က ပြီးခဲ့တဲ့ လအတွင်း သတိပေးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က