Ko John

ရေကြီးနေတဲ့ အိန္ဒိယနိုင်ငံ အာဆမ်ပြည်နယ်ရှိ ဘေးမဲ့တောဥယျာတစ်ခုမှ ထွက်ပြေးလာတဲ့ ကျားမတစ်ကောင်က ဒေသခံတစ်ဦးရဲ့ နေအိမ်အတွင်း အိပ်ရာပေါ်မှာ တက်အိပ်နေခဲ့တယ်လို့ ဆိုပါတယ်။

(Photo: WTI)

အဆိုပါ ကျားမဟာ အာဆမ်ပြည်နယ်မှာ လတ်တလော အကြီးအကျယ် ဖြစ်ပေါ်နေတဲ့ ရေကြီးမှုကြောင့် တိရိစ္ဆာန်သေဆုံးမှုတွေရှိခဲ့တဲ့ Kaziranga အမျိုးသားဥယျဉ်မှ ဖြစ်တယ်လို့ယုံကြည်ရပါတယ်။ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတွေက ကျားမ ဝင်ရောက်နေခဲ့တဲ့ အိမ်ကိုလာရောက်ခဲ့ကြပြီး နေအိမ်ကနေ ဘေးကင်းစွာဖြင့် တောအုပ်ထဲသို့ ထွက်ခွာသွားနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။

တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ Wildlife Trust of India (WTI) က ပြောကြားမှုအရ အဆိုပါ ကျားမကို Kaziranga အမျိုးသားဥယျာဉ်မှ မီတာ ၂၀၀ ခန့်အကွာ အဝေးပြေးလမ်းမဘေးမှာ ကြာသပတေးနေ့ (ဇူလိုင် ၁၈ ရက်) မနက်ပိုင်းက ပထမဆုံး တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

(Photo: WTI)

ယာဉ်အသွားအလာ များပြာရှုပ်ထွေးမှုကြောင့် ကျားမဟာ အဝေးပြေးလမ်းအနီးရှိ နေအိမ်ထဲမှာ ဝင်ရောက်နေခဲ့တာ ဖြစ်ပုံရတယ်လို့ WTI က သုံးသပ်ခဲ့ပါတယ်။ အဆိုပါ ကျားမဟာ ဆိုင်တစ်ဆိုင်ဘေးရှိ နေအိမ်ထဲသို့ ဒေသစံတောချိန် မနက် ၇ နာရီခွဲမှာ ဝင်ရောက်သွားခဲ့ပြီးနောက် အိပ်ရာပေါ်မှာ တစ်နေကုန် အိပ်နေခဲ့တယ်လို့ ကယ်ဆယ်ရေးကို ဦးဆောင်ခဲ့သူ Rathin Barman က ပြောပါတယ်။

"ကျားမက အတော်လေး အားအင်ကုန်ခမ်းနေပြီး တစ်နေကုန် အိပ်နေခဲ့တယ်၊ ကောင်းတာက သူ့ကို ဘယ်သူမှ မနှောင့်ယှက်ကြတော့ အနားယူနိုင်ခဲ့တာပေါ့၊ ဒီဒေသမှာက တောရိုင်းတိရိစ္ဆာန်တွေကို တန်ဖိုးထားစောင့်ရှောက်ကြပါတယ်" လို့ Rathin Barman က BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: WTI)

နေအိမ်ပိုင်ရှင်နဲ့ ကပ်လျက်ဈေးဆိုင်ကိုလည်း ပိုင်ဆိုင်သူ Motilal နဲ့ မိသားစုက အိမ်ထဲကို ကျားမ ဝင်လာတာတွေ့ရပြီးနောက် ထွက်ပြေးခဲ့ကြပါတယ်။ WTI မှ တာဝန်ရှိသူတွေ ရောက်ရှိလာခဲ့ပြီး နောက်ဆုံးမှာတော့ ကျားမဟာ နေအိမ်ထဲကနေ ဇူလိုင် ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲမှာ ထွက်ခွာသွားခဲ့ပါတယ်။

အဝေးပြေးလမ်းကိုဖြတ်ပြီး တောအုပ်ထဲသို့ ကျားမ သွားရောက်နိုင်ရန် လမ်းကို တစ်နာရီကြာ ပိတ်ပေးထားခဲ့ကြောင်းလည်း သိရပါတယ်။ ရေကြီးမှုတွေ ဖြစ်ပေါ်နေတဲ့ အာဆမ်ပြည်နယ်ရှိ Kaziranga အမျိုးသားဥယျာဉ်မှာ ကျားကောင်ရေ ၁၁၀ ရှိနေပြီး ရေကြီးမှုအတွင်း တစ်ကောင်မျှ သေဆုံးခဲ့ခြင်း မရှိပါဘူး။ ရေကြီးမှုအတွင်း Kaziranga အမျိုးသားဥယျာဉ်ရှိ သမင် ၅၄ ကောင်၊ ကြံ့ခုနစ်ကောင်၊ တောဝက်ခြောက်ကောင်နဲ့ ဆင်တစ်ကောင် သေဆုံးခဲ့ကြောင်း BBC သတင်းက ပြောပါတယ်။

(Photo: WTI)

အိန္ဒိယမှာ မုတ်သုန်မိုးသည်းထန်မှုကြောင့် နိုင်ငံအရှေ့ပိုင်း ပြည်နယ်တွေဖြစ်တဲ့ ဘီဟာနဲ့ အာဆမ်တို့မှာ ရေကြီးမှုတွေဖြစ်ပြီး လူ ၁၀၀ ကျော် သေဆုံးကာ လူဦးရေသန်းနဲ့ချီ ရွှေ့ပြောင်းခဲ့ရပါတယ်။ ဇွန်လမှ စက်တင်ဘာလအထိ မုတ်သုန်ရာသီက တောင်အာရှဒေသရှိ အိန္ဒိယအပြင် နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလည်း ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က