အောက်တိုဘာ ၂၅ ရက်နေ့က ရေတွင်းထဲကို ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။
Ko John

အိန္ဒိယနိုင်ငံ တမီလ်နာဒူပြည်နယ်မှာ ရေတွင်းထဲကိုပြုတ်ကျသွားခဲ့တဲ့ အသက်နှစ်နှစ်အရွယ် ယောက်ျားလေးကို သေဆုံးလျက်သား တွေ့ရှိရကြောင်း ဒေသခံမီဒီယာတွေက ယနေ့ (အောက်တိုဘာ ၂၉ ရက်) ဖော်ပြပါတယ်။

(ဆူဂျစ် မိသားစုဓာတ်ပုံ) (Photo: BBC)

ဆူဂျစ်ဝီလ်ဆင် အမည်ရှိ အဆိုပါ ကလေးငယ်ဟာ သောကြာနေ့ (အောက်တိုဘာ ၂၅ ရက်) က တမီလ်နာဒူပြည်နယ် Tiruchirappalli ခရိုင်ရှိ ၎င်းရဲ့နေအိမ်အနီး ဆော့ကစားနေရာမှ ရေခမ်းခြောက်ပြီး အသုံးမပြုဘဲထားတဲ့ ရေတွင်းတစ်တွင်းရဲ့ ပေ ၃၀ ခန့် အနက်ရှိတဲ့နေရာကို ပထမဆုံး ပြုတ်ကျသွားခဲ့ပါတယ်။

သို့သော် ကလေးငယ်ဟာ ပထမဆုံးရှိနေတဲ့နေရာမှ နောက်ထပ် ပြုတ်ကျသွားခဲ့ပြီး အနည်းဆုံး ပေ ၁၀၀ အထိနက်တဲ့ နေရာကိုရောက်သွားခဲ့တယ်လို့ BBC သတင်းက ပြောပါတယ်။ နှစ်နှစ်သားမျှသာရှိသေးတဲ့ ဆူဂျစ်ဟာ ထိုစဉ်ကတည်းက အစာရေစာ မစားမသောက်ရဘဲ ရှိနေခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက ကလေးငယ်ကို အသက်ရှင်လျက် ကယ်တင်နိုင်ရန် အပြင်းအထန် ကြိုးပမ်းခဲ့ကြပေမဲ့ ကလေးကို ပြန်တွေ့ချိန်မှာ သေဆုံးနေပြီဖြစ်ပြီး အလောင်းမှာ ပုပ်စပြုနေပြီလို့ သိရပါတယ်။

(စက်ယန္တရားဖြင့် တွင်းတူနေစဉ်) (Photo: Reuters)

ကယ်ဆယ်ရေးသမားတွေက ဆူဂျစ်ထံသို့ အောက်ဆီဂျင်ပို့လွှတ်ပေးနေပေမဲ့ ရွှံ့ထူထပ်နေတာကြောင့် ကလေးငယ်ရဲ့ အခြေအနေကို မသိနိုင်ခဲ့ကြပါဘူး။ ယမန်နေ့ (အောက်တိုဘာ ၂၈ ရက်) ညပိုင်းအထိ သတင်းတွေအရ ကယ်ဆယ်ရေးအဖွဲ့က စက်ယန္တရားကြီးများသုံပြီး ဆူဂျစ် ပြုတ်ကျသွားတဲ့ ရေတွင်းနဲ့ယှဉ်လျက်နေရာမှာ တွင်းတစ်တွင်းတူးနေကာ ၎င်းကို ကယ်တင်နိုင်ရေး အချိန်လုကြိုးပမ်းနေခဲ့ကြတာ ဖြစ်ပါတယ်။

ဆူဂျစ်ရဲ့မိခင်က ရေတွင်းအပေါက်ဝကနေ သားဖြစ်သူကို မငိုရန် အသံပေးအော်ဟစ်နေခဲ့တယ်လို့ ဒေသခံ သတင်းထောက်တွေက ပြောပါတယ်။ မိခင်ဖြစ်သူက ကယ်ဆယ်ရေး စတင်လုပ်ဆောင်စဉ်မှာ သူမရဲ့သားကို အန္တရာယ်ကင်းစွာဖြင့် မြေပြင်ပေါ်သို့ ပြန်ခေါ်ဆောင်ရာမှာ အသုံးပြုနိုင်ရန် မျှော်လင့်ချက်ဖြင့် အဝတ်အိတ်တစ်လုံးကို ကိုယ်တိုင်ချုပ်လုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

(သားကို ကယ်ဆယ်နိုင်ရေးမျှော်လင့်ချက်ဖြင့် အိတ်ချုပ်နေသည့် မိခင်) (Photo: Jayakumar Madala)

ဒီပါဝါလီပွဲတော် ဆင်နွှဲကျင်းပနေတဲ့ အိန္ဒိယမှာ ရေတွင်းထဲပြုတ်ကျနေတဲ့ ဆူဂျစ်ကို ကယ်ဆယ်ရေးသတင်းဟာ အများသူငါ စိတ်ဝင်တစား စောင့်ကြည့်စရာဖြစ်နေခဲ့ပါတယ်။ ဆိုရှယ်မီဒီယာမှာ ဆူဂျစ်ကို ကယ်ဆယ်ရေးသတင်းကို စိတ်ဝင်စားမျှဝေမှုတွေ များစွာရှိနေခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီကိုယ်တိုင်လည်း ရေတွင်းထဲပြုတ်ကျရောက်ရှိနေတဲ့ ကလေးငယ်အတွက် စိုးရိမ်ပူပန်ကြောင်း Twitter မှာ ရေးသားထားပါတယ်။

အစောပိုင်းမှာ ဆူဂျစ်ကို ရေတွင်းထဲကနေ ကြိုးတစ်ချောင်းဖြင့် ပြန်ဆွဲတင်ရန် ကြိုးပမ်းခဲ့မှုဟာ မအောင်မြင်ခဲဘူးလို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က ရေတွင်းထဲသို့ ကင်မရာတစ်လုံးချထားခဲ့ရာ ကလေးငယ်ဟာ သတိမေ့နေပေမဲ့ အသက်ရှူသံကို ကြားခဲ့ရတယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

(ဆူဂျစ်ကို ကယ်ဆယ်ရေးလုပ်ဆောင်နေမှု) (Photo: Jayakumar Madala)

ယခုနှစ် ဇွန်လအတွင်းက အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦး အလားတူ ရေတွင်းထဲသို့ပြုတ်ကျသွားခဲ့ရာ နှစ်ရက်ကြာ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ပေမဲ့ သေဆုံးခဲ့ဖူးပါတယ်။ ထိုဖြစ်ရပ်အပြီးမှာ အသုံးမပြုတော့တဲ့ ရေတွင်းတွေကို ပွင့်လျက်သားထားသူတွေကို အရေးယူရန် တောင်းဆိုမှုတွေ ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က