ကျောင်းနဲ့အလုပ်မှ ပြန်လာကြတဲ့ အမျိုးသမီးနဲ့ကလေးတွေ အများအပြား ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံရှိ တောင်တန်းထူထပ်ရာ ဟီမာချဲလ်ပရာဒက်ရှ်ပြည်နယ်မှာ ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျမှုကြောင့် လူ ၄၄ ဦးထက်နည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: AFP)

ကြာသပတေးနေ့ (ဇွန် ၂၀ ရက်) က ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်မှာ နောက်ထပ် လူ ၂၈ ဦးကိုလည်း ဆေးရုံတင်ကုသပေးနေရပြီး ၎င်းတို့အနက် အများအပြားဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ ဘတ်စ်ကားဟာ အိန္ဒိယမြောက်ပိုင်း ဟိမဝန္တာတောင်တန်းဒေသ Kullu ခရိုင်အတွင်းမှာ လမ်းချော်သွားပြီးနောက် အနက် ၄၉၂ ပေရှိတဲ့ ချောက်ထဲကို ထိုးကျသွားခဲ့တာဖြစ်ပါတယ်။



အာဏာပိုင်တွေက အစောပိုင်းမှာ လူ ၂၅ ဦးထက်မနည်း သေဆုံးကြောင်း ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အခြား ၁၉ ဦးဟာလည်း ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဘတ်စ်ကား မတော်တဆမှုအတွင်း ဒဏ်ရာရခဲ့သူတွေကို နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ခဲ့ပေမဲ့ ၁၉ ဦးကတော့ ကုသနေစဉ်အတွင်း သေဆုံးသွားခဲ့တယ်လို့ Kullu ရဲတပ်ဖွဲ့အကြီးအကဲက Shalini Agnihotri က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: PTI)

ဘတ်စ်ကားချောက်ထဲထိုးကျမှုအတွင်း သေဆုံးခဲ့သူတွေအနက် အများအပြားဟာ စာသင်ကျောင်းနဲ့ လုပ်ငန်းခွင်မှ ပြန်လာကြတဲ့ ကလေးများနဲ့ အမျိုးသမီးများ ဖြစ်ကြတယ်လို့ဆိုပါတယ်။ ချောက်ထဲထိုးကျသွားခဲ့တဲ့ ဘတ်စ်ကားဟာ ခရီးသည် ၆၀ ကျော်အထိ အဆမတန် တင်ဆောင်လာပြီး အများအပြားဟာ ကားအမိုးပေါ်ကနေ လိုက်ပါလာခဲ့ကြတယ်လို့လည်း သိရပါတယ်။ ထို့နောက် လမ်းအကွေ့မှာ မထိန်းနိုင်ဖြစ်ပြီး ချောက်ထဲကို ထိုးကျသွားခဲ့ပါတယ်။

(Photo: STR/AFP/Getty Images)

ဟိမဝန္တာတောင်တန်းဒေသဟာ မြေပြင်အနေအထား၊ အရှိန်လွန်မောင်းနှင်မှုနဲ့ လူအဆမတန် တင်ဆောင်မှုတို့ကြောင့် လူသေဆုံးမှုများတဲ့ ခရီးသည်တင်ကား မတော်တဆမှုတွေ ဖြစ်လေ့ရှိပါတယ်။ ယခုနှစ် ဧပြီလအတွင်းကလည်း Kullu အနီးအနားရှိ ခရိုင်တစ်ခုမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျမှုဖြစ်ပြီး လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ဖူးပါတယ်။ အိန္ဒိယနိုင်ငံမှာ နှစ်စဉ် ယာဉ်မတော်တဆမှုတွေကြောင့် ပျမ်းမျှ လူဦးရေ ၁၅၀,၀၀၀ သေဆုံးကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က