အိန္ဒိယမှာ မွေးကင်းစမိန်းကလေးတွေကို သတ်ပစ်ကြတဲ့ဓလေ့ ကာလရှည်ကြာရှိနေခဲ့ပါတယ်။

အိန္ဒိယမြောက်ပိုင်းမှာ အူတာပရာဒက်ရှ်ပြည်နယ်မှာ နေထိုင်တဲ့ ကျေးရွားသားတစ်ဦးက သေဆုံးသွားတဲ့ သမီးဖြစ်သူကို သချႋုင်းမှာ သွားရောက်မြှုပ်နှံစဉ် အရှင်လတ်လတ် မြေမြှုပ်စွန့်ပစ်ခံထားရတဲ့ မွေးကင်းစ မိန်းကလေးတစ်ဦးကို တွေ့ရှိခဲရကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။

(Photo: Anoop Kumar Mishra)

Hitesh Sirohi အမည်ရှိ အမျိုးသားဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၉ ရက်) နေ့က မွေးဖွားခဲ့ပြီးနောက် မိနစ်ပိုင်းအကြာမှာ သေဆုံးသွားခဲ့တဲ့ ၎င်းရဲ့သမီးကို သချႋုင်းမှာမြှုပ်နှံရန် ကျင်းတူးနေစဉ် မြေအိုးတစ်ခုကို ဂေါ်ပြားနဲ့ထိုးမိခဲ့တာ သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။



ထို့နောက် အဆိုပါမြေအိုးထဲမှာ စွန့်ပစ်ခံရတဲ့ မွေးကင်းစကလေးကို တွေ့ရှိခဲ့ရပါတယ်။ ကလေးငယ်ကိုထည့်ထားတဲ့ မြေအိုးအား အနက် ၃ ပေခန့်ရှိ မြေကြီးအောက်မှာ မြှုပ်နှံထားခဲ့ကြောင်း သိရပါတယ်။ Hitesh Sirohi က မြေအိုးထဲမှ မွေးကင်းစမိန်းကလေးကို တွေ့ရှိခဲ့ပြီးနောက် ချက်ချင်း ကယ်ဆယ်ခဲ့ပြီး ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပါတယ်။

(Photo: Rajesh Mishra)

ယခုအခါ ကလေးငယ်ကို အသက်ကယ်တင်နိုင်ရန် ဆေးရုံမှာ ကြိုးစားကုသပေးနေတယ်လို့ ဆိုပါတယ်။ မြေအိုးထဲမှာ အဝတ်စတစ်ခုဖြင့်ပတ်ပြီးထည့်ထားတဲ့ မွေးကင်းစမိန်းကလေးဟာ ငိုနေခဲ့တယ်လို့ Hitesh Sirohi က Times of Inida သတင်းဌာနကို ပြောပါတယ်။ "ကျွန်တော့်သမီးလေးများ အသက်ပြန်ရှင်လာသလားလို့ ထင်ခဲ့မိတယ်၊ ဒါပေမဲ့ ကလေးငိုသံက မြေအိုးထဲကနေ ထွက်လာတာဗျ" လို့ ၎င်းကဆိုပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

"ကျွန်တော်တို့ ကလေးမိဘတွေကိုရှာဖို့ ကြိုစားနေပါတယ်၊ ကလေးကို ဒီလိုစွန့်ပစ်ထားတာက သူတို့ သဘောတူလို့ပဲဖြစ်တယ်လို့ ကျွန်တော်တို့ သံသယရှိပါတယ်" လို့ ဒေသခံ ရဲအရာရှိ Abhinandan Singh က ပြောခဲ့ပါတယ်။ အိန္ဒိယမှာ မွေးကင်းစမိန်းကလေးတွေကို သတ်ပစ်ကြတဲ့ဓလေ့ ကာလရှည်ကြာရှိနေခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Caters News Agency)

အထူးသဖြင့် ဆင်းရဲတဲ့ လူမှုအသိုင်းအဝိုင်းမှ အိန္ဒိယမိဘတွေက သားယောက်ျားလေးကို ပိုမိုလိုချင်ကြပြီး သမီးမိန်းကလေးရပါက ဝန်ထုပ်ဝန်ပိုးအဖြစ် ရှုမြင်ကြလေ့ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကျားမ လူဦးရေအချိုးဟာလည်း၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ အမျိုးသား ၁,၀၀၀ မှာ အမျိုးသမီး ၉၄၃ ဦးနှုန်းဖြစ်ပြီး ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ကျားမ လူဦးရေအချိုးအစားဖြစ်ကြောင်း သိရပါတယ်။

အိန္ဒိယမှာ ကိုယ်ဝန်ဆောင်တွေကို ကလေးမမွေးမီ ယောက်ျားလေး၊ မိန်းကလေး သိရှိနိုင်ရန် စစ်ဆေးမှုအား ၁၉၉၄ ခုနှစ်မှစပြီး တရားမဝင်ကြောင်းသတ်မှတ်ကာ တားမြစ်ပိတ်ပင်ထားခဲ့ပါတယ်။ သို့သော် မိသားစုတွေကတော့ တရားမဝင်နည်းလမ်းများ သို့မဟုတ် ပစ္စည်းကိရိယာများသုံးပြီး ကိုယ်ဝန်ဆောင်ထားစဉ် ယောက်ျားလေး၊ မိန်းကလေး သိရှိနိုင်ရန် လုပ်ဆောင်နေကြဆဲဖြစ်ကာ မိန်းကလေးဖြစ်နေပါက ကိုယ်ဝန်ဖျက်ချမှုတွေလည်း ရှိနေပါတယ်။

(Photo: Dr. Ravi Khann)

ဗြိတိန်ဆေးပညာဂျာနယ် The Lancet က ပြုလုပ်ခဲ့တဲ့ ၂၀၁၁ ခုနှစ် လေ့လာမှုစစ်တမ်းအရ အိန္ဒိယမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်သုံးခုအတွင်း မိန်းကလေးသန္ဓေသားလောင်း ၁၂ သန်းအထိ ကိုယ်ဝန်ဖျက်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ရာဂျက်စတန်ပြည်နယ်မှာ အသက်သုံးပတ်အရွယ် မိန်းကလေးတစ်ဦးကို အရှင်လတ်လတ် မြေမြှုပ်စွန့်ပစ်ထားမှုအား ကလေးငိုသံကြားရာမှ ဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။ သို့သော် အဆိုပါကလေးငယ်ဟာ သီတင်းပတ်အနည်းငယ်ကြာပြီးနောက် ဆေးရုံတစ်ရုံမှာ သေဆုံးသွားခဲ့ပါတယ်။

(Map: BBC)

၂၀၁၇ ခုနှစ်အတွင်း မဟာရက်ရှ်ထရာပြည်နယ်ရှိ ဆေးခန်းတစ်ခုအနီး မိလ္လာပိုက်လိုင်းတစ်ခုမှ မိန်းကလေးသန္ဓေသား ၁၉ ခုကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်းလည်း သိရပါတယ်။ ထိုဖြစ်ရပ်နဲ့ပတ်သက်ပြီး သားယောက်ျားလေးသာ အရူးအမူးလိုချင်ကြတဲ့ မိဘတွေအတွက် မိန်းကလေးသန္ဓေသားတွေကို တရားမဝင် ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆရာဝန်တစ်ဦးအား ဖမ်းဆီးစွဲချက်တင်ခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က