ရိုက်နှက်ခံရပြီး သေဆုံးသွားတဲ့ ကလေးနှစ်ဦးဟာ ဇာတ်နိမ့်အသိုင်းအဝိုင်းမှ ဖြစ်ပါတယ်။
Ko John

အိန္ဒိယအလယ်ပိုင်း မက်ဒ်ဟာပရာဒက်ရှ်ပြည်နယ်မှာ လူမြင်ကွင်းနေရာ မစင်စွန့်တဲ့ ကလေးနှစ်ဦး ရိုက်နှက်ခံရပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (စက်တင်ဘာ ၂၆ ရက်) ပြောပါတယ်။

(အိန္ဒိယမှာ ဆင်းရဲသူသန်းနဲ့ချီပြီး လူမြင်ကွင်းမှာ မစင်စွန့်နေကြဆဲဖြစ်ပါတယ်) (Photo: Getty Images)

လူမြင်ကွင်းနေရာမှာ မစင်စွန့်မှုကြောင့် ရိုက်နှက်ခံရပြီး သေဆုံးသွားတဲ့ ကလေးနှစ်ဦးဟာ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုတွေရှိနေတဲ့ အိန္ဒိယလူမှုအသိုင်းဝိုင်းရဲ့ ဒါလစ် (Dalit) ခေါ် ဇာတ်နိမ့်အသိုင်းအဝိုင်းမှ ဖြစ်ပါတယ်။ အိန္ဒိယမှာ ဒါလစ်တို့ကို ဇာတ်အနိမ့်ဆုံးအဖြစ် သတ်မှတ်ထားပြီး ယခင်က "မထိရ မတို့ရ" တဲ့ လူတန်းစားအဖြစ် သိထားကြပါတယ်။

ယခု ရိုက်သတ်ခံရတဲ့ ဇာတ်နိမ့်အသိုင်းအဝိုင်းမှ ကလေးနှစ်ဦးဟာ အသက် ၁၂ နှစ်အရွယ် ရို့ရှ်နီနဲ့ အသက် ၁၀ နှစ်အရွယ် အေဗင်နက်ရှ်တို့ဖြစ်ပြီး ၎င်းတို့ဟာ ယမန်နေ့ (စက်တင်ဘာ ၂၅ ရက်) မနက်ပိုင်းက အဘိုးဖြစ်သူရဲ့ နေအိမ်သို့အသွား Shivpuri ခရိုင်အတွင်းရှိ ကျေးရွာလမ်းမတစ်ခုအနီး လူမြင်ကွင်းနေရာမှာ မစင်စွန့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ မိသားစုက BBC Hindi သတင်းဌာနကို ပြောကြားမှုအရ ၎င်းတို့အိမ်မှာ အိမ်သာမရှိဘူးလို့လည်း သိရပါတယ်။

(ရိုက်နှက်ခံရပြီး သေဆုံးခဲ့တဲ့ ကေးနှစ်ဦးရဲ့အလောင်းများ) (Photo: @jyotiyadaav/Twitter)

"မနက်အစောကြီးပဲဗျ၊ သူတို့က အန္တရာယ်မလွယ်နိုင်တော့ လမ်းမှာတင် မစင်စွန့်ခဲ့ကြတယ်၊ အဲဒါကို မြင်သွားတဲ့ အမျိုးသားနှစ်ဦးက သူတို့ကို ရိုက်နှက်ခဲ့ကြတယ်၊ ကလေးတွေကို ဆေးရုံပို့ခဲ့ပေမဲ့ သူတို့ရထားတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ကြတယ်" လို့ ရဲတပ်ဖွဲ့အရာရှိ Raja Babu Singh က AFP သတင်းဌာနကို ဖုန်းဖြင့်ပြောကြားခဲ့ပါတယ်။

ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးထားကြောင်းနဲ့ ၎င်းတို့အနက် တစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ကြောင်း Raja Babu Singh က ဖြည့်စွက်ပြောပါတယ်။ ယမန်နေ့မှာပင် ဝန်ကြီးချုပ်မိုဒီက အိန္ဒိယမှာ လူမြင်ကွင်းနေရာ မစင်စွန့်မှု မရှိစေရန် ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

(ရိုက်နှက်ခံရပြီး သေဆုံးခဲ့တဲ့ ကေးနှစ်ဦးရဲ့နေအိမ်) (Photo: @jyotiyadaav/Twitter)

မိုဒီက အိန္ဒိယလွတ်လပ်ရေးသူရဲကောင်း မဟတ္တမဂန္ဓီ အသက် ၁၅၀ နှစ်ပြည့် မွေးနေ့နဲ့တိုက်ဆိုင်ပြီး ထိုသို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ ဂန္ဓီက အိန္ဒိယမှာ ပိုမိုကောင်းမွန်တဲ့ မိလ္လာစနစ်လုပ်ဆောင်ရန် စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်။ ဝန်ကြီးချုပ်မိုဒီက ၎င်းစိတ်ကြိုက် ရေးဆွဲထားတဲ့ Clean India Mission ကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပြီး ထိုစဉ်က ၂၀၁၉ ခုနှစ်အရောက်မှာ အိန္ဒိယမိသားစုအားလုံးအတွက် အိမ်သာများဆောက်လုပ်သွားမယ်လို့ ကတိပြုထားခဲ့ပါတယ်။

မိုဒီအစိုးရရဲ့ ထုတ်ပြန်မှုအရ အဓိကအားဖြင့် ကျေးလက်ဒေသတွေမှာ အပါအဝင် အိမ်သာအလုံးရေ သန်း ၁၀၀ ကျော်ကို ဆောက်လုပ်ခဲ့ပြီးကြောင်း သိရပါတယ်။ လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယကျေးလက်ဒေသ နေအိမ်တွေမှာ အိမ်သာမရှိခြင်းက အဓိကကျတဲ့ အများပြည်သူကျန်းမာရေးကိစ္စရပ်တစ်ခု ဖြစ်နေခဲ့ပါတယ်။

(အိန္ဒိယဝန်ကြီးချုပ် မိုဒီ) (Photo: AFP)

အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ အကုန်အကျခံ ဆောင်ရွက်နေတဲ့ Clean India Mission မှာ ပညာပေးစည်းရုံးလှုံ့ဆော်မှုများ၊ အိမ်သာဆောက်ရန် ငွေထောက်ပံ့မှု၊ အများသုံးအိမ်သာများထားရှိမှုနဲ့ လူမြင်ကွင်းမှာ အပေါ့အလေးစွန့်သူတွေကို အရှက်ရစေရန် လုပ်ဆောင်မှုတွေ ပါဝင်ပါတယ်။

ဝေဖန်သူတွေကတော့ ရေရှားပါးမှု၊ ပြုပြင်ထိန်းသိမ်းမှု အားနည်းချက်နဲ့ လူတွေရဲ့အပြုအမူ ပြောင်းလဲရာမှာ နှေးကွေးမှုတွေက မိုဒီရဲ့အစီအစဉ်ကို အခက်အခဲဖြစ်စေမယ်လို့ ဆိုပါတယ်။ လူမြင်ကွင်းမှာ မစင်စွန့်သူတွေကို လိုက်လံဖမ်းဆီးရာမှ အကြမ်းဖက်ဖြစ်ရပ်တွေ ယခင်က ရှိခဲ့ဖူးတယ်လို့ဆိုပါတယ်။ ၂၀၁၇ ခုနှစ်က အကာအကွယ်မရှိတဲ့ နေရာမှာ မစင်စွန့်တဲ့ အမျိုးသမီးတွေကို ဓာတ်ပုံရိုက်တဲ့ အာဏာပိုင်တွေကို ဟန့်တားရန်ကြိုးပမ်းခဲ့သူ အမျိုးသားတစ်ဦးဟာ လူအုပ်စုဖြင့် ဝိုင်းဝန်သတ်ဖြတ်ခံခဲ့ရပါတယ်။

(မစင်စွန့်ရန် ညဘက် အပြင်ထွက်တဲ့ အမျိုးသမီးများ မကြာခဏ အန္တရာယ်ကြုံရပါတယ်) (Photo: BBC)

အစောပိုင်းမှာ ရုပ်မြင်သံကြားသတင်းဌာနတစ်ခုက လူမြင်ကွင်းနေရာတွေမှာ မစင်စွန့်သူတွေကို ဓာတ်ပုံရိုက်ပြီး ပေးပို့ကြရန် ကြည့်ရှုသူတွေကို တိုက်တွန်းခဲ့ပြီး ထိုဓာတ်ပုံတွေကို ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ဖော်ပြကာ လူမြင်ကွင်းမှာ မစင်စွန့်သူတွေ အရှက်ရစေရန် စီစဉ်ခဲ့ဖူးပါတယ်။ ယမန်နေ့ဖြစ်ရပ်မှာ ရိုက်နှက်ခံရပြီး သေဆုံးခဲ့တဲ့ ကလေးတစ်ဦးရဲ့ဖခင်ကတော့ ၎င်းရဲ့မိသားစုဟာ ဇာတ်မြင့်အမျိုးသားတွေက ခွဲခြားဆက်ဆံမှုကို ကြုံတွေ့နေခဲ့ရကြောင်း စွပ်စွဲခဲ့ပါတယ်။

"ကျွန်တော်တို့အိမ်မှာ အိမ်သာမရှိဘူး၊ ကလေးတွေက မနက်ဆို အပြင်ထွက်ပြီး အပေါ့အလေးစွန့်ကြတယ်၊ အဲဒီ ညီအစ်ကိုနှစ်ယောက်က လမ်းဘေးမှာ မစင်စွန့်နေတဲ့ ကလေးတွကို အော်ဟစ်ပြီး ခေါင်းကို တုတ်နဲ့ သဲကြီးမဲကြီး ရိုက်ကြတယ်၊ စက္ကန့်ပိုင်းအတွင်း ကလေးတွေကို သတ်လိုက်ကြတယ်" လို့ ကလေးတစ်ဦးရဲ့ ဖခင်ဖြစ်သူ Mano Balmiki က ပြောခဲ့ကြောင်း Press Trust of India သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က