အူတာပရာဒက်ရှ်နဲ့ ဘီဟာပြည်နယ်တွေမှာ ရေကြီးမှုတွေ ဆိုးရွားစွာဖြစ်ပေါ်နေပါတယ်။

အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်နဲ့ ဘီဟာပြည်နယ်တွေမှာ လတ်တလော မိုးသည်းထန်စွာရွာပြီး ရေကြီးမှုတွေကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: Reuters)

ရေကြီးမှုဖြစ်ပေါ်ခဲ့တဲ့ နယ်မြေတွေမှ မြို့တွင်းနေရာများမှာ ရေလွှမ်းမိုးနေတဲ့ အံ့သြတုန်လှုပ်စရာ ဓာတ်ပုံတွေလည်း ထွက်ပေါ်လာပါတယ်။ ပြည်နယ်နှစ်ခုလုံးရှိ ရထားလမ်းများ၊ ကားအသွားအလာများ၊ ကျန်းမာရေးဌာနများ၊ ကျောင်းများနဲ့ လျှပ်စစ်ဓာတ်အားပေးနေရာများမှာ ရေကြီမှုတွေ ဆိုးရွားစွာ ဖစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ အူတာပရာဒက်ရှ်ပြည်နယ် အစိုးရက ထုတ်ပြန်မှုအရ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (စက်တင်ဘာ ၂၆ ရက်) ကတည်းက လက်ရှိအချိန်အထိ ရေကြီးမှုများအတွင်း လူ ၉၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။



(Photo: BBC Hindi)

အူတာပရာဒက်ရှ်ပြည်နယ် အရှေ့ပိုင်းမှာ ရေကြီးမှုတွေကြောင့် Ballia ခရိုင်အကျဉ်းထောင်မှ အကျဉ်းသား ၅၀၀ ကျော်ကို အာဏာပိုင်တွေက အခြား အကျဉ်းထောင်တစ်ခုသို့ ရွှေ့ပြောင်းနေရာချခဲ့ရပါတယ်။ ဒါ့အပြင် အဆိုပါ အကျဉ်းထောင်မှ ကျန်ရှိနေသေးတဲ့ နောက်ထပ် အကျဉ်းသား ၈၅၀ ကိုလည်း ၇၄ မိုင်အကွာရှိ Azamgarh အကျဉ်းထောင်သို့ ရွှေ့ပြောင်းရန်အတွက် ခွင့်ပြုမိန့်စောင့်ဆိုင်းနေကြောင်းလည်း သိရပါတယ်။ ဘီဟာပြည်နယ်မှာလည်း ရေကြီးမှုတွေကြောင့် သေဆုံးသူ ၂၉ ရှိခဲ့ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ထုတ်ပြန်ပါတယ်။

(Photo: BBC Hindi)

ဘီဟာပြည်နယ်ရဲ့ အဓိက မြို့ကြီးဖြစ်တဲ့ ပတ္တနာမြို့မှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ ပတ္တနာမြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ (စက်တင်ဘာ ၂၇ ရက်) ကတည်းက မိုးသည်းထန်စွာရွာသွန်းနေခဲ့ပြီး လူနေဒေသအများအပြား ရေမြုပ်နေခဲ့ပါတယ်။ အဆိုပါမြို့မှာ မိုးရွာသွန်းမှုပမာဏ လုံးဝမမျှော်လင့်ထားတဲ့ ပမာဏအထိဖြစ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားမှုကို PTI သတင်းဌာနက ကိုးကားဖော်ပြပါတယ်။

(Photo: BBC Hindi)

ဘီဟာပြည်နယ်အစိုးရက လေကြောင်းမှရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နိုင်ရန် အိန္ဒိယလေတပ်ကို အကူအညီတောင်းခဲ့ပြီး ရေစုပ်စက်များလည်း တောင်းခံခဲ့ကြောင်း သိရပါတယ်။ "ရေကြီးနေတဲ့ အခြေအနေက အတော်ဆိုးပါတယ်၊ ဗာရာဏသီ (Varanasi) မှာ ရေကြီးနေတာ အခြေအနေ တော်တော်ဆိုးတယ်၊ ရေနုတ်မြောင်းစနစ်ကလည်း အရမ်းဆိုးပါတယ်" လို့ အိန္ဒိယမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် ဗာရာဏသီမြို့မှ မြို့ခံတစ်ဦးက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က