လေဆိပ်မှပျံတက်ပြီး မိနစ်ပိုင်းမျှအကြာမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။

အီသီယိုးပီးယားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး လေဆိပ်မှပျံတက်ပြီးနောက် မကြာမီ ပျက်ကျခဲ့ရာ လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ကြောင်း လေကြောင်းလိုင်းက ပြောပါတယ်။

(Photo: AFP)

ယနေ့ (မတ်လ ၁၀ ရက်) ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၄ မိနစ်မှာ လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ခရီးသည် ၁၄၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၈ ဦး လိုက်ပါသွားပြီး ET302 လေကြောင်းခရီးစဉ်အဖြစ် အီသီယိုးပီးယားမြို့တော် အက်ဒစ်အဘာဘာမြို့မှ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့သို့ ပျံသန်းစဉ်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။


Boeing 737 MAX 8 အမျိုးအစား ခရီးသည်တင်လေယာဉ်ဟာ လေဆိပ်မှ ပျံတက်သွားခဲ့ပြီး ၆ မိနစ်မျှအကြာမှာ ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ မတူညီတဲ့ နိုင်ငံသား ၃၃ မျိုး လိုက်ပါသွားခဲ့ကြောင်း အီသီယိုးပီးယားလေကြောင်းလိုင်း (Ethiopian Airlines) က ပြောထားပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို လတ်တလော အတိအကျ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
(Photo: AP)

အီသီယိုးပီးယားဝန်ကြီးချုပ် Abiy Ahmed က အလွန်ဝမ်းနည်းကြေကွဲကြောင်း Twitter မှာ ရေးသားခဲ့ရာမှာ လေယာဉ်ပျက်ကျကြောင်း ပထမဆုံး သတင်းထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျခဲ့တဲ့ Bishoftu မြို့ငယ်အနီးမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း လေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Bishoftu မြို့ငယ်ဟာ အီသီယိုးပီးယားမြို့တော် အက်ဒစ်အဘာဘာမြို့ရဲ့ အရှေ့တောင်ဘက် ၃၇ မိုင်အကွာမှာ တည်ရှိပါတယ်။ ယခု ဖြစ်ရပ်နဲ့ပတ်သက်ပြီး လေယာဉ်ထုတ်လုပ်တဲ့ Boeing ကုမ္ပဏီကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ထားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ထားတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

(Photo: Jonathan Druion)

Boeing 737 MAX 8 လေယာဉ်တွေဟာ ၂၀၁၆ ခုနှစ်မှစပြီး လေကြောင်းလိုင်းခရီးစဉ်တွေမှာ စတင်ပျံသန်းခဲ့ပါတယ်။ အီသီးယိုးပီးယားလေကြောင်းလိုင်းမှာတော့ ယမန်နှစ် ဇူလိုင်လအတွင်းမှစပြီး အသုံးပြုခဲ့ကြောင်း သိရပါတယ်။ ယမန်နှစ် အောက်တိုဘာ ၂၉ ရက်နေ့ကလည်း Lion Air လေကြောင်းလိုင်းမှ Boeing 737 MAX 8 ခရီးသည်တင်လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ပြင်မှာပျက်ကျခဲ့ပြီး လိုက်ပါလာသူ ၁၈၉ ဦးလုံး သေဆုံးခဲ့ကြောင်း Reuters သတင်းက ပြောပါတယ်။

ဆက်စပ်သတင်း - အချိန် ၂ မိနစ်မျှနောက်ကျပြီး အီသီယိုးပီးယားလေယာဉ်ပျက်ကျမှုမှာ မပါဝင်ခဲ့တဲ့ ဂရိအမျိုးသား




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က