ဆစ်ဒနီမြို့လယ်မှာ မြင်တွေ့နေကျ အမျိုးသားကြီးနဲ့ အိမ်မွေးကြွက်လေး ဖြစ်ပါတယ်။

ဆစ်ဒနီမြို့မှာနေတဲ့ အိမ်ခြေယာမဲ့ အမျိုးသားကြီးတစ်ဦးနဲ့ ၎င်းမွေးမြူထားတဲ့ ကြွက်ကို သြစတြေးလျ ရဲတပ်ဖွဲ့က ပြန်လည်ဆုံတွေ့စေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: NSW Police)

အသက် ၅၉ နှစ်အရွယ် ခရစ်နဲ့ ၎င်းအရှေ့ရှိ ပုံးတစ်ခုပေါ်မှာ ဝပ်နေလေ့ရှိတဲ့ အိမ်မွေးကြွက်တစ်ကောင်ကို ဆစ်ဒနီမြို့လယ်မှာ ဖြတ်သန်းသွားလာသူတွေက တွေ့နေမြင်နေကျလည်း ဖြစ်ပါတယ်။ သို့သော် ယခုလအစောပိုင်း တစ်ရက်မှာတော့ ခရစ်ရဲ့အဖော် ကြွက်လေးဟာ ခရစ် အိမ်သာသွားနေစဉ် ပျောက်ဆုံးသွားခဲ့ပါတယ်။



ဆိုရှယ်မီဒီယာမှာ ခရစ်ရဲ့ကြွက်လေး ပျောက်ဆုံးနေကြောင်း ကူညီရှာဖွေပေးကြရန် မေတ္တာရပ်ခံမှုတွေ ထွက်ပေါ်လာပီးနောက် New South Wales ရဲတပ်ဖွဲ့က ကြွက်ပျောက်ရှာပုံတော်ဖွင့်ခဲ့ကြပြီး ကြာသပတေးနေ့ (ဧပြီ ၁၈ ရက်) မှာတော့ ခရစ်နဲ့ သူ့ရဲ့ကြွက်ကို ပြန်ဆုံတွေ့စေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: NSW Police)

လူစီလို့ အမည်ပေးထားတဲ့ ကြွက်မလေး ပျောက်ဆုံးသွားခဲ့ပြီးနောက် ခရစ်က ခိုးယူခံရတယ်လို့ ထင်ခဲ့မိကြောင်းလည်း သိရပါတယ်။ ခရစ်က ပျောက်ဆုံးသွားတဲ့ ကြွက်လေးကို အသည်းအသန် လိုက်လံဖွေခဲ့ပြီး တစ်စုံတစ်ယောက်အနေနဲ့ တွေ့ရှိခဲ့ပါက ၎င်းကို အသိပေးကြရန် စာတိုလေးကို ပုံးပေါ်မှာတင်ထားခဲ့ပါတယ်။

ခရစ်ရဲ့ကြွက်မလေး ပျောက်ဆုံးနေကြောင်း ဆစ်ဒနီမြို့လယ်မှာ သွားလာနေထိုင်ကြသူတွေက သိရှိခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ လွှင့်တင်ကြကာ ကူညီရှာဖွေပေးရန် ပြောခဲ့ကြပါတယ်။ ထို့နောက် ကြွက်မလေးလူစီ အခိုးခံရတယ်လို့ ယုံကြည်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း သတင်းပေးကြရန် မေတ္တာရပ်ခံခဲ့ပါတယ်။ သို့သော် နောက်ဆုံးမှာတော့ ပျောက်ဆုံးနေတဲ့ ကြွက်လေးကို ပြန်ရှာတွေ့ခဲ့ကြပါတယ်။




(Photo: NSW Police)

"အမျိုးသမီးတစ်ယောက်က လမ်းလျှောက်သွားရင်း လူစီကိုတွေ့ခဲ့တယ်၊ လူစီဟာ စွန့်ပစ်ခံထားရတယ်လို့ ဒီအမျိုးသမီးက ထင်ခဲ့မိတာပါ၊ ဒါနဲ့ သူမက လူစီကို အိမ်ခေါ်သွားပြီး ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ပါတယ်" လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ပြန်ရှာတွေ့ခဲ့တဲ့ ကြွက်မလေးလူစီကို ပိုင်ရှင်ဖြစ်သူ အိမ်ခြေယာမဲ့ အမျိုးသားကြီးထံ နယ်မြေခံ ရဲစခန်းတစ်ခုမှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ၎င်းရဲ့ကြွက်လေးဟုတ် မဟုတ် မေးမြန်းခဲ့ရာမှာတော့ ဟုတ်မှန်ကြောင်းက လူစီက ၎င်းကို မှတ်မိကြောင်း ဖြေကြားခဲ့ပါတယ်။

(Photo: Lost Pets in NSW)

ကတ်ထူပုံးထဲကနေ ကြွက်မလေးလူစီကို အသာအယာ ယူဆောင်ခဲ့စဉ်မှာ ခရစ်တစ်ယောက် စိတ်သက်သာရာရသွားတာကို အထင်အရှားတွေ့မြင်ခဲ့ရပြီး ရဲအရာရှိတွေကိုလည်း ယခုကဲ့သို့ အရေးတယူ ကူညီပေးမှုအတွက် ကျေးဇူတင်စကား ပြောခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

"သူမကိုရှာဖို့အတွက် အားလုံးကို အလုပ်ရှုပ်စေခဲ့တာ တောင်းပန်ပါတယ်၊ ကျွန်တော်ပျော်ပါတယ်၊ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်" လို့ ခရစ်က ဖွင့်ဟခဲ့ပါတယ်။ ကြွက်လေးကို ပြန်လည်ပေးအပ်ခဲ့ပြီးနောက် ခရစ်ကို ရဲကားတစ်စီးဖြင့် ပြန်လိုက်ပို့ပေးခဲ့တာကိုလည်း New South Wales ရဲတပ်ဖွဲ့ရဲ့ Facebook မှာ တင်ထားတဲ့ဗီဒီယိုထဲမှာ တွေ့ခဲ့ရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က