အီသီယိုးပီးယားလေယာဉ်ပျက်ကျမှုကြောင့် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။

ဂရိနိုင်ငံမှ အမျိုးသားတစ်ဦးဟာ လေယာဉ်ခရီးစဉ်အချိန် ၂ မိနစ်မျှ နောက်ကျခဲ့တာကြောင့် အီသီးယိုးပီးယား ခရီးသည်တင်လေယာဉ် ပျက်ကျမှုမှာ မပါဝင်ခဲ့ဘဲ အသက်ရှင်လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AP)

၎င်းဟာ အချိန် ၂ မိနစ်သာ နောက်မကျခဲ့ပါက မတ်လ ၁၀ ရက်နေ့က ပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံး သေဆုံးခဲ့တဲ့ လေယာဉ်ရဲ့ ၁၅၀ မြောက် ခရီးသည်ဖြစ်ခဲ့လိမ့်မယ်လို့ ဂရိအမျိုးသားက ပြောခဲ့ပါတယ်။



"ဘယ်သူကမှ ထွက်ခွာဆောင် ဝင်ပေါက်နေရာကို အချိန်မီရောက်အောင် မကူညီကြတော့ ကျွန်တော်လည်း လေယာဉ်ချိန် နောက်ကျသွားခဲ့တယ်" လို့ လေယာဉ်ပျက်ကျမှုမှာ မပါဝင်ခဲ့ဘဲ ကံကောင်းခဲ့သူ အန်တိုနစ် မက်ဗ်ရိုပူလော့စ်က Facebook မှာ ကျွန်တော့်ရဲ့ကံကောင်းသောနေ့ 'My lucky day' လို့ ခေါင်းစဉ်တပ်ကာ လေယာဉ်လက်မှတ်ဓာတ်ပုံနဲ့အတူ ပို့စ်တစ်ခု တင်ထားခဲ့ပါတယ်။

(Image: Antonis Mavropoulos/Facebook)

ဂရိအမျိုးသား မက်ဗ်ရိုပူလော့စ်ဟာ အကျိုးအမြတ်မပါတဲ့ International Solid Waste Association ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ၎င်းဟာ ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ်ရဲ့ နှစ်ပတ်လည် ညီလာခံကို တက်ရောက်ရန် နိုင်ရိုဘီမြို့ကို သွားရောက်မှာဖြစ်ပါတယ်။

မက်ဗ်ရိုပူလော့စ်ဟာ ပျက်ကျခဲ့တဲ့ ET302 လေယာဉ်ခရီးစဉ်မှာ လိုက်ပါရမှာဖြစ်ပေမဲ့ လေဆိပ်ထွက်ခွာဆောင် ဝင်ပေါက်ပိတ်သွားပြီးနောက် ၂ မိနစ်မျှအကြာမှာ ရောက်ရှိလာခဲ့ရာ ထိုလေယာဉ်နဲ့ လိုက်ပါခွင့်မရဘဲ ဖြစ်ခဲ့ပါတယ်။ မက်ဗ်ရိုပူလော့စ်က ET302 လေယာဉ်မှာ လိုက်ပါရန်အတွက် ကြိုးပမ်းခဲ့သေးပေမဲ့ လေဆိပ်ဝန်ထမ်းတွေက အချိန်နောက်ကျနေတာကြောင့် ခွင့်မပြုဘဲ တားဆီးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

(Photo: Antonis Mavropoulos/Facebook)

"သူတို့ ကျွန်တော့်ကို လေဆိပ်ရဲတပ်ဖွဲ့ဆီ ခေါ်သွားခဲ့တယ်၊ အဲဒီမှာ ရဲအရာရှိက 'မကျေမနပ် ဖြစ်မနေဖို့နဲ့ ကျွန်တော်က ပျက်ကျပြီး အားလုံးသေဆုံးသွားတဲ့ ET302 လေယာဉ်မှာ ပါမသွားခဲ့တဲ့ တစ်ယောက်တည်းသော ခရီးသည်ပဲ' လို့ ပြောခဲ့ပါတယ်။ ရဲအရာရှိရဲ့ ပြောစကားကို ကြားသိရချိန်မှာ အံ့အားသင့် တုန်လှုပ်ခဲ့ရတယ်လို့လည်း ဗက်ဗ်ရိုပူလော့စ်က Facebook မှာ ရေးထားကြောင်း AFP သတင်းက ဖော်ပြပါတယ်။

အီသီယိုးပီးယားနိုင်ငံ အက်ဒစ်အဘာဘာမြို့မှ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ကို ပျံသန်းတဲ့ အီသီယိုးပီးယားလေကြောင်းလိုင်း (Ethiopian Airlines) ရဲ့ Boeing 737 MAX 8 ခရီးသည်တင်လေယာဉ်ဟာ မတ်လ ၁၀ ရက်နေ့ ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၄ မိနစ်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်မှာ လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။

(Photo: Reuters)

လေဆိပ်မှ ပျံကတ်သွားပြီး ၆ မိနစ်မျှအကြာမှာ ပျက်ကျခဲ့တဲ့ အဆိုပါ လေယာဉ်ပေါ်မှာ ခရီးသည် ၁၄၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၈ ဦး လိုက်ပါသွားခဲ့ကြပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေအနက် ကုလသမဂ္ဂလက်အောက်ခံ ဝန်ထမ်း ၁၉ ဦးထက်မနည်း ပါဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

လေယာဉ်ပေါ်မှာ မတူညီတဲ့ နိုင်ငံသားအမျိုးမျိုးလည်း ပါဝင်ခဲ့ပြီး အာရှဒေသမှ တရုတ်နိုင်ငံသား ၈ ဦး၊ အိန္ဒိယ ၄ ဦး၊ အင်ဒိုနီးရှားနဲ့ နီပေါ တစ်ဦးစီ ပါဝင်တယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပါတယ်။ အများဆုံး ပါဝင်ခဲ့တဲ့ နိုင်ငံသားတွေကတော့ ကင်ညာနိုင်ငံသား ၃၂ ဦးနဲ့ ကနေဒါနိုင်ငံသား ၁၈ ဦး ဖြစ်ပါတယ်။

(Infographic: AFP)

ယခု လေယာဉ်ပျက်ကျမှုဖြစ်ပြီးနောက် အီသီယိုးပီးယားလေကြောင်းလိုင်းရဲ့ Boeing 737 MAX 8 လေယာဉ်များ ပျံသန်းမှုကို ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံကလည်း ပြည်တွင်းလေကြောင်းလိုင်းတွေကို Boeing 737 MAX 8 လေယာဉ်များဖြင့် ခရီးစဉ်ပြေးဆွဲမှုအား ဆိုင်းငံ့ထားရန် ညွန်ကြားထားတယ်လို့ သိရပါတယ်။



Boeing 737 MAX 8 လေယာဉ်တွေဟာ ၂၀၁၆ ခုနှစ်မှစပြီး လေကြောင်းလိုင်းခရီးစဉ်တွေမှာ စတင်ပျံသန်းခဲ့ပါတယ်။ အီသီးယိုးပီးယားလေကြောင်းလိုင်းမှာတော့ ယမန်နှစ် ဇူလိုင်လအတွင်းမှစပြီး အသုံးပြုခဲ့ကြောင်း သိရပါတယ်။ ယမန်နှစ် အောက်တိုဘာ ၂၉ ရက်နေ့ကလည်း Lion Air လေကြောင်းလိုင်းမှ Boeing 737 MAX 8 ခရီးသည်တင်လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ပြင်မှာပျက်ကျခဲ့ပြီး လိုက်ပါလာသူ ၁၈၉ ဦးလုံး သေဆုံးခဲ့ကြောင်း Reuters သတင်းက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က