ပုံမှန် ကျောက်ကပ်တစ်လုံးရဲ့ အလေးချိန်မှာ တစ်ပေါင်မပြည့်ဘဲ ၄.၃ အောင်စမှ ၅.၃ အောင်စသာရှိပါတယ်။

အိန္ဒိယ ခွဲစိတ်ဆရာဝန်တွေက အမျိုးသားတစ်ဦးထံမှ ဘိုးလင်းဘောလုံးတစ်လုံးနဲ့ အလေးချိန်တူညီတဲ့ ကျောက်ကပ်တစ်လုံးကို ခွဲစိတ်ဖယ်ရှားခဲ့ကြောင်း ခွဲစိတ်ဆရာဝန်တစ်ဦးက နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပြောပါတယ်။

(ခွဲစိတ်ဖယ်ရှားခဲ့သည့် ကြီးမားတဲ့ ကျောက်ကပ်ကို တွေ့ရစဥ်) (Photo: AFP)

အလေးချိန် ၁၆ ပေါင်ခွဲရှိတဲ့ ကျောက်ကပ်ဟာ ခွဲစိတ်မှုတစ်ခုအတွင်း ဖယ်ရှားခဲ့တဲ့ အကြီးဆုံး ကျောက်ကပ်များအနက် တစ်လုံးလည်းဖြစ်ပါတယ်။ ထိုအမျိုးသားဟာ အသက်အန္တရာယ်ရှိတဲ့ မျိုးရိုးဗီဇဆိုင်ရာ ကျန်းမာရေးအခြေအနေ ရင်ဆိုင်နေရကြောင်း သိရပါတယ်။



"သူ့ရဲ့ ဝမ်းဗိုက်ပိုင်း နေရာတစ်ဝက်မှာပြည့်နေခဲ့တဲ့ အစိုင်အခဲကြီးပါ၊ ကြီးမားတဲ့ ကျောက်ကပ်ဆိုတာ ကျွန်တော်တို့ သိကြပေမဲ့ ဒီလောက်အထိ အလေးချိန်ရှိမယ်လို့တော့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး" လို့ ခွဲစိတ်ကုသခဲ့တဲ့အဖွဲ့မှာ ပါဝင်ခဲ့သူ ဆာချင်ကာသူရိုင်းက AFP သတင်းဌာနကို ပြောပါတယ်။

(Graphic: BodyToMy)

အသက် ၅၆ နှစ်အရွယ် အဆိုပါ အမျိုးသားဟာ ကျောက်ကပ်မှာ အကျိတ်များထွက်လာတဲ့ မျိုးရိုးဗီဇချို့ယွင်းမှု ကျောက်ကပ်ရောဂါ Autosomal Dominant Polycystic Kidney Disease (ADPKD) ခံစားနေရသူဖြစ်ပြီး နယူးဒေလီမြို့ရှိ Sir Ganga Ram ဆေးရုံမှာ ပြီးခဲ့တဲ့လအတွင်း နှစ်နာရီကြာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။

ပုံမှန် ကျောက်ကပ်တစ်လုံးရဲ့ အလေးချိန်ဟာ တစ်ပေါင်မပြည့်ဘဲ ၄.၃ အောင်စမှ ၅.၃ အောင်စသာရှိပြီး အရှည် ၄.၇ လက်မဖြစ်ကြောင်း သိရပါတယ်။ သို့သော် ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ အမျိုးသားရဲ့ ကျောက်ကပ်တစ်လုံးကတော့ အလေးချိန် ၁၆ ပေါင်ခွဲနဲ့ အရှည် ၁.၅ ပေနီးပါးရှိကြောင်း ဆာချင်ကာသူရိုင်းက ပြောခဲ့ပါတယ်။ အမည်မဖော်ပြတဲ့ အဆိုပါ အမျိုးသားလူနာဟာ ကျောက်ကပ်မှာ အရည်တွေပြည့်နေတဲ့ အကျိတ်များ ကြီးထွားလာမှုကြောင့် နေမကောင်းဖြစ်နေခဲ့ပါတယ်။

(ခွဲစိတ်ကုသမှုမြင်ကွင်းတစ်ခု) (Photo: AFP)

ဆရာဝန်တွေက ၎င်းရဲ့ ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်မှုနဲ့ ရောဂါကူးစက်ပျံ့နှံ့မှုတွေ စစ်ဆေးတွေ့ရှိရပြီးနောက် ခွဲစိတ်ကုသရန် စီစဥ်ခဲ့ကြတာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ခွဲစိတ်ကုသခဲ့တဲ့ အမျိုးသားဟာ အခြေအနေကောင်းမွန်ကြောင်းနဲ့ ကျောက်ကပ် ပုံမှန်ဆေးနေပြီး ကျောက်ကပ်တစ်လုံး အစားထိုးကုသမရန် စောင့်ဆိုင်းနေကြောင်း သိရပါတယ်။

လူသားတစ်ဦးထံမှ ဖယ်ရှားခဲ့တဲ့ အကြီးဆုံး ကျောက်ကပ်အဖြစ် မှတ်တမ်းတင်ထားခဲ့မှုကတော့ ၂၀၁၇ ခုနှစ်က ဒူဘိုင်းမှာ ခွဲစိတ်ဖယ်ရှားခဲ့ပြီး အလေးချိန် ၉.၄ ပေါင်ရှိ ကျောက်ကပ်ဖြစ်တယ်လို့ ဂင်းနစ်ကမ္ဘာ့စံချိန်တင်မှတ်တမ်းက ဖော်ပြထားပါတယ်။ သို့သော် နယူးဒေလီမှ ဆရာဝန်တွေကတော့ လူနာတစ်ဦးထံမှ အလေးချိန် ၁၉.၈ ပေါင်အထိရှိတဲ့ ကျောက်ကပ်တစ်လုံးကို ခွဲစိတ်ဖယ်ရှားပေးခဲ့တဲ့ ဆေးကုသမှုမှတ်တမ်း တွေ့ရှိခဲ့ကြောင်း ပြောကြပါတယ်။

Share

Loading Next Article...
က္က