ရေကန်ကြီးသို့ နှစ်စဥ် လာရောက်ကြတဲ့ ငှက်များအပါအဝင် ငှက်မျိုးစိတ်မျိုးစုံ တွေ့ရပါတယ်။
Ko John

အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး ကုန်းတွင်းပိုင်း ရေငန်အိုင်ကြီးတစ်ဝိုက်မှာ ငှက်အကောင်ရေ ၁,၀၀၀ ကျော် သေဆုံးနေတာတွေ့ရှိရကြောင်း သစ်တောဌာနမှ အကြီးတန်းအရာရှိတစ်ဦးက BBC သတင်းဌာနကို ပြောပါတယ်။

(Photo: Vikas Choudhary/Down to Earth)

အိန္ဒိယမြောက်ပိုင်း ရာဂျက်စတန်ပြည်နယ် ဂျိုင်ပူးရ်မြို့ရဲ့ အနောက်တောင်ဘက် ၄၉ မိုင်အကွာရှိ ဆမ်ဘ်ဟာရေကန်ကြီးတစ်ဝိုက် ငှက်များသေဆုံးနေမှုကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ သေဆုံးနေတဲ့ ငှက်များအနက် ရေကန်ကြီးသို့ နှစ်စဥ် လာရောက်ကြတဲ့ ငှက်များအပါအဝင် မတူညီတဲ့ ငှက်မျိုးစိတ်တွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ငှက်များ အစုအပြုံလိုက် သေဆုံးနေရတဲ့ အကြောင်းရင်းကို အတိအကျ မသိနိုင်သေးဘဲ ပဟေဠိဖြစ်နေကာ သက်ဆိုင်ရာ အစိုးရဌာနတွေက စစ်ဆေးနေပါတယ်။

(Photo: Vikas Choudhary/Down to Earth)

"ကျွန်တော်တို့ သေနေတဲ့ ငှက်အကောင်ရေကို ရေတွက်နေတုန်းပဲ၊ ငှက်သေတွေက ရေအိုင်ကြီးအနီးတစ်ဝိုက်မှာ ပြန့်ကျဲနေတာပဲ၊ ငှက်အကောင်ရေ ၂၀ ကနေ ၂၅ ကောင်ကတော့ အသက်ရှင်နေဆဲဖြစ်ပြီး ကုသပေးနေပါတယ်" လို့ သစ်တောဌာနမှ အကြီးတန်းအရာရှိ ဆန်ဂျေးကူရှစ်ခ်က ပြောပါတယ်။ ငှက်သေတွေကို တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၀ ရက်) က ဆမ်ဘ်ဟာရေကန်ကြီးကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေက စတင်တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

(Photo: Vikas Choudhary/Down to Earth)

"ကျွန်တော်တို့ ဒါမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူး" လို့ ဒေသခံ ငှက်ကြည့်သမား အက်ဘ်ဟင်နက်ဗ် ဗိုင်ရှ်နက်ဗ်က Press Trust of India (PTI) သတင်းဌာနကို ပြောခဲ့ပါတယ်။ ရေကန်ကြီးအနီး ၇ မိုင်ကနေ ၉ မိုင်ကျော်အထိရှိနိုင်တဲ့ မြေပြင်တစ်လျှောက် ငှက်သေများ ပြန့်ကျဲနေတာတွေ့ရကြောင်း Down To Earth မဂ္ဂဇင်းမှ ဓာတ်ပုံဆရာ ဗီကက်စ်ချောင်ဒရီက ဆိုပါတယ်။ "သေချာတယ်ဗျာ၊ ငှက်သေတွေ အရေအတွက်က ဆက်တိုးလာအုံးမှာပဲ၊ ၅,၀၀၀ အထိတောင် ရှိလာနိုင်တယ်၊ အဲဒီနေရာမှာ ငှက်သေတွေ အများကြီးရှိနေတုန်းပဲ" လို့ ချောင်ဒရီက BBC ကို ပြောပါတယ်။

(Photo: Global Look Press)

ယခုကဲ့သို့ ငှက်များအစုလိုက်အပြုံလိုက် သေဆုံးရမှုဟာ ရေကန်ကြီးရှိရာ ဒေသမှာ ပြီးခဲ့တဲ့ ရကအနည်းငယ်က မိုးသက်မုန်တိုင်းကျရောက်ခဲ့မှုကြောင့်လည်း ဖြစ်နိုင်ဖွယ်ရှိကြောင်း သစ်တောအရာရှိ ရာဂျင်ဒရာ ဂျက်ခ်ဟာက PTI ကို ပြောခဲ့ပါတယ်။ "ကျွန်တော်တို့ ရေအဆိပ်သင့်တာနဲ့ ဘက်တီးရီးယားကူးစက်ခံရတာမျိုး အခြား ဖြစ်နိုင်ခြေတွေကိုလည်း စစ်ဆေးနေပါတယ်" လို့ ၎င်းကဆိုပါတယ်။ ငှက်သေအချို့ကို မက်ဒ်ယာပရာဒက်ရှ်ပြည်နယ် Bhopal မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုသို့ ပို့ဆောင်ထားပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေကြောင်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က