အိန္ဒိယအနောက်ပိုင်းရှိ ပုဂ္ဂလိက ဆေးရုံတစ်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း အာမက်ဒါဘတ်ဒ်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ယနေ့ (ဩဂုတ် ၆ ရက်) ဒေသစံတော်ချိန် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ COVID-19 လူနာရှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: ZeeNews)

ယနေ့မနက် ဒေသစံတော်ချိန် ၃ နာရီဝန်းကျင်မှာ ဂူဂျာရတ်ပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အာမက်ဒါဘတ်ဒ်မြို့ရှိ Shrey ပုဂ္ဂလိကဆေးရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းနဲ့ မီးလောင်မှုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။



မီးလောင်မှုဖြစ်ပွားပြီးနောက် ဆေးရုံမှာရှိနေသူတွေရဲ့ ဆွေမျိုးသားချင်းတွေက ဆေးရုံအတွင်းကို ဒေါသတကြီးဖြင့် ဝင်ရောက်ရန်ကြိုးပမ်းခဲ့ရာ ရဲတပ်ဖွဲ့က ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်။ အရေးပေါ်ဌာနက ပြောကြားမှုအရ ယခုမီးလောင်မှုဟာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးရဲ့ PPE (personal protective equipment) ဝတ်စုံကို မီးစွဲလောင်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

"သူ့ရဲ့ PPE ဝတ်စုံ မီးစွဲလောင်တော့ ဆေးဘက်ဆိုင်ရာဝန်ထမ်းက လူနာဆောင်အပြင်ဘက်ကို ပြေးထွက်ပြီး ရေလောင်းငြှိမ်းသတ်ဖို့ လုပ်ခဲ့တယ်၊ ဒါပေမဲ့ မီးက အဆောင်တစ်ခုလုံးကို အလျင်အမြန် ကူးစက်သွားခဲ့တယ်" လို့ Ahmedabad Fire and Emergency Services မှ အကြီးအကဲ Rajesh Bhatt က ပြောပါတယ်။

ဆေးရုံမီးလောင်မှုကြောင့် COVID-19 ရောဂါ ကုသမှုခံယူနေတဲ့ အမျိုးသားငါးဦးနဲ့ အမျိုးသမီးသုံးဦးဟာ မီးခိုးမွန်းကျပ်မှုနဲ့ မီးအပူဒဏ်ကြောင့် သေဆုံးခဲ့ကြောင်း ၎င်းကဆိုပါတယ်။ ဆေးရုံမီးလောင်မှုကို တစ်နာရီခန့်အကြာမှာ ထိန်းချုပ်နိုင်ခဲ့ပြီး ထိုဆေးရုံရှိ အခြားလူနာ ၄၀ ကို ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

(Photo: BBC)

အိန္ဒိယဟာ တစ်ကမ္ဘာလုံးမှာ တတိယမြောက် COVID-19 ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး လတ်တလောမှာလည်း ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေပါတယ်။ ယ‌နေ့အထိ စာရင်းတွေအရ အိန္ဒိယမှာ ကူးစက်ခံရသူ ၂ သန်းပြည့်လုနီးပါးနဲ့ သေဆုံးသူ ၄၁,၀၀၀ ကျော်ရှိခဲ့ပြီး ပြန်လည်သက်သာသူ ၁.၃၅ သန်းကျော်ဖြစ်ပါတယ်။ 

.

Share

Loading Next Article...
က္က