မိုးသည်းထန်စွာ ရွာသွန်းနေစဥ် လေယာဥ်မတော်တဆမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ Air India Express လေကြောင်းလိုင်းမှ Boeing 737 ခရီးသည်တင်လေယာဥ်တစ်စီး လေဆိပ်သို့ဆင်းသက်စဥ် ပြေးလမ်းချော်ခဲ့ရာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

အနည်းဆုံး လူ ၁၉၁ ဦး လိုက်ပါလာတဲ့ IX-1344 လေယာဥ်ဟာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့မှ ပျံသန်းလာခဲ့ခြင်းဖြစ်ပြီး ကီရာလာပြည်နယ် Karipur မြို့ရှိ Kozhikode အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ (ဩဂုတ် ၇ ရက်) ဒေသစံတော်ချိန် ည ၇ နာရီဝန်းကျင်မှာ ဆင်းသက်စဥ် ပြေးလမ်းချော်ခဲ့တာ ဖြစ်ပါတယ်။



India Today သတင်းအရ ပြေးလမ်းချော်မှုဖြစ်ခဲ့တဲ့ လေယာဥ်ပေါ်မှာ ကလေးငယ် ၁၀ ဦး အပါအဝင် ခရီးသည် ၁၈၄ ဦးနဲ့ လေယာဥ်အမှုထမ်း ၇ ဦး လိုက်ပါလာခဲ့တယ်လို့ ဆိုပါတယ်။ လေယာဥ်ပြေးလမ်းချော်မှုအတွင်း ဒဏ်ရာရခဲ့သူတွေအနက် ၁၅ ဦးဟာ ဒဏ်ရာပြင်းထန်ကြောင်း သိရပါတယ်။


(Photo: AFP)

သေဆုံးဒဏ်ရာရသူ အရေအတွက်ကို Malappuram မြို့ ရဲတပ်ဖွဲ့အကြီးအကဲ Abdul Kareem က အတည်ပြုခဲ့ကြောင်း RT က ပြောပါတယ်။ မတော်တဆမှုအတွင်း လေယာဥ်မှူးတစ်ဦးလည်း သေဆုံးခဲ့ကြောင်း အိန္ဒိယသတင်းဌာန NDTV က ဖော်ပြခဲ့ပါတယ်။ ဒေသခံမီဒီယာ သတင်းတွေအရ လေယာဥ်ဟာ ပြေးလမ်းချော်သွားခဲ့ပြီးနောက် နှစ်ပိုင်းကျိုးသွားခဲ့တယ်လို့ ဆိုပါတယ်။

လေဆိပ်နေရာ မိုးသည်းထန်စွာ ရွာသွန်းနေစဥ် လေယာဥ်မတော်တဆမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ လေဆိပ်တည်ရှိရာ ကီရာလာပြည်နယ်မှာ လတ်တလော ရက်ပိုင်းအတွင်း ရေကြီးမှုနဲ့ မြေပြိုမှုတွေကြာင့် လူ ၂၂ ဦးထက်မနည်း ‌သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: AFP)

လက်ရှိမှာ အိန္ဒိယရဲ့ မုတ်သုံရာသီဥတုကာလဖြစ်ပြီး မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေလည်း ဖြစ်ပေါ်နေခဲ့ပါတယ်။ ဆိုရှယ်မီဒီယာမှာ ဖော်ပြထားတဲ့ ဓာတ်ပုဲနဲ့ ဗီဒီယိုတွေမှာ လေယာဥ် နှစ်ပိုင်းကျိုးနေတာ တွေ့ရပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းအရ ပြေးလမ်းချော်ပြီး နှစ်ပိုင်းကျိုးသွားခဲ့တဲ့ လေယာဥ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာ (Black Box) ကို ရှာဖွေတွေ့ရှိခဲပြီလို့ သိရပါတယ်။ 

အိန္ဒိယမှာ ဇွန်လမှ စက်တင်ဘာလအထိဖြစ်တဲ့ မုတ်သုံရာသီကာလ မတိုင်မီနဲ့ ထိုကာလအတွင်း သေဆုံးဒဏ်ရာရမှု များပြားတဲ့ လေယာဥ်ပျက်ကျမှုတွေ ဖြစ်ပွားခဲ့ဖူးတယ်လို့ သိရပါတယ်။ ၂၀၁၀ ခုနှစ် မေလအတွင်း Air India Express လေယာဥ်တစ်စီး Mangalore လေဆိပ်မှာဆင်းသက်စဥ် ပြေးလမ်းချော်ပြီး ပျက်ကျခဲ့ရာ လူ ၁၅၈ ဦး သေဆုံးခဲ့ပြီး အသက်ရှင်ကျန်သူ ရှစ်ဦးရှိခဲ့ပါတယ်။ 

(နောက်ဆက်တွဲသတင်းနဲ့ အချက်အလက်အသစ်များ ရှိလာနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က