lockdown လုပ်ထားတာကြောင့် အရက်ဆိုင်များ ပိတ်ထားခဲ့ပါတယ်။

အိန္ဒိယတောင်ပိုင်းမှာ COVID-19 ကူးစက်မှုထိန်းချုပ်ရေး lockdown အစီအမံအရ အရက်အရောင်းဆိုင်များ ပိတ်ထားခဲ့ရာမှ အရက် (အယ်လ်ကိုဟော) ပါဝင်တဲ့ လက်သန့်စင်ဆေးရည် သောက်သုံးပြီးနောက် အမျိုးသား ၁၀ ဦး ယနေ့ (ဇူလိုင် ၃၁ ရက်) သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Reuters)

အင်ဒရာပရာဒက်ရှ်ပြည်နယ် Kurichedu မြို့မှာ လက်သန့်စင်ဆေးရည်သောက်ပြီး သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယမှာ COVID-19 နေ့အလိုက် ကူးစက်မှုများ စံချိန်တင်မြင့်တက်ခဲ့ပြီး လက်ရှိမှာ ကူးစက်ခံရသူ စုစုပေါင်း ၁.၆ သန်းကျော်ရှိပြီလို့ သိရပါတယ်။



"တချို့လူတွေက အရက်အလွန်အကျွံ စွဲနေကြပြီး အရက်မူးဖို့အတွက် လက်သန့်စင်ဆေးရည်တွေ သောက်ခဲ့ကြတယ်၊ lockdown လုပ်ထားတော့ အရက်က ဝယ်လို့မရဘူးလေ၊ ဒါပေမဲ့ လက်သန့်စင်ဆေးရည်ကတော့ အလွယ်တကူ ဝယ်လို့ရနေတယ်" လို့ Kurichedu မြို့ တည်ရှိရာခရိုင်မှ အကြီးတန်းရဲအရာရှိ Siddharth Kaushal က Reuters သတင်းဌာနကို ပြောပါတယ်။

(Photo: AP)

လက်သန့်စင်ဆေးရည်သောက်ခဲ့တဲ့ အခြား လူတွေကတော့ ကုသမှုခံယူပြီး ဆေးရုံမှဆင်းခဲ့ပြီလို့ ရဲအရာရှိက ဆိုပါတယ်။ လက်သန့်စင်ဆေးရည်သောက်ပြီး သေဆုံးခဲ့သူတွေအနက် အချို့ဟာ နဂိုရောဂါအခံရှိသူတွေ ဖြစ်ကြောင်းလည်း Siddharth Kaushal က ဖြည့်စွက်ပြောပါတယ်။ အိန္ဒိယဗဟိုအစိုးရက ဘဏ္ဍာရေးအကျပ်အတည်း လျော့ပါးစေရန် စီးပွားရေးလုပ်ငန်း အများစုကို ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။

အင်ဒရာပရာဒက်ရှ် အပါအဝင် ပြည်နယ်အများအပြားမှာတော့ ကူးစက်မှုတွေ မြင့်တက်နေခဲ့ရာ lockdown အစီအမံများ သတ်မှတ်ဆောင်ရွက်ထားဆဲ ဖြစ်ပါတယ်။ Kurichedu မြို့ဟာလည်း ထိုသို့ lockdown အစီအမံများ တင်းကျပ်စွာ သတ်မှတ်ဆောင်ရွက်ထားတဲ့ မြို့ဖြစ်ပါတယ်။

(Photo: ANI)

အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ ၅၅,၀၇၈ ဦးနဲ့ သေဆုံးသူ ၇၇၉ ဦး တိုးလာခဲ့ကြောင်း ကျန်းမာရေးနဲ့ မိသားစုရေးရာ ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ယနေ့ ပြောထားပါတယ်။ အိန္ဒိယမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁.၆ သန်းကျော်၊ သေဆုံးသူ ၃၅,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ကျန်းမာရေးနဲ့ မိသားစုရေးရာ ဝန်ကြီးဌာနက COVID-19 စစ်ဆေးမှုတွေကို တစ်ရက်လျှင် ၁ သန်း တိုးမြှင့်လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က