၁၁ ရက်အတွင်း ကူးစက်ခံရသူ နောက်ထပ် ၁ သန်း တိုးလာခဲ့ပါတယ်။

လတ်တလော သီတင်းပတ်များတွင်း COVID-19 ကူးစက်မှုတွေ လျင်မြန်စွာ မြင့်တက်ဖြစ်ပွားနေတဲ့ အိန္ဒိယနိုင်ငံမှာ စုစုပေါင်း ကူးစက်ခံရသူ ၅ သန်းကျော်လွန်သွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (စက်တင်ဘာ ၁၆ ရက်) ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်က ဖော်ပြထားပါတယ်။

(Photo: Reuters)

အိန္ဒိယဟာ လက်ရှိမှာ ကမ္ဘာတစ်ဝန်း ကူးစက်မှုနှုန်း အမြန်းဆုံးနိုင်ငံ ဖြစ်နေပြီး တစ်ရက်လျှင် ကူးစက်မှုအသစ် ၉၀,၀၀၀ အထက် တွေ့ရှိနေရပါတယ်။ ယခုနောက်ဆုံး တိုးလာခဲ့တဲ့ ကူးစက်မှုအသစ် ၁ သန်းကို ၁၁ ရက်အတွင်း စစ်ဆေးတွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။



ကူးစက်ခံရသူ ၆.၇ သန်းကျော်တွေ့ရှိထားတဲ့ အမေရိကန်ပြီးလျှင် အိန္ဒိယဟာ တစ်ကမ္ဘာလုံးမှာ ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ စုစု‌ပေါင်း ၅.၀၂ သန်းရှိလာခဲ့ပြီး ၈၂,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

(Photo: EPA)

ယနေ့ ထုတ်ပြန်မှုအရ အိန္ဒိယမှာ ကူးစက်ခံရသူ ၉၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၂၉၀ ရှိခဲ့ပါတယ်။ အိန္ဒိယမှာ ပထမဆုံး ကူစက်မှု ၁ သန်းပြည့်ရန် ၁၆၇ ရက် ကြာခဲ့ပြီး နောက်ထပ် ၁ သန်းကတော့ ၂၁ ရက်အတွင်း တိုးလာခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ဘရာဇီးတို့ထက် ကူးစက်မှုနှုန်းပိုမြန်ကြောင်း Times of India သတင်းက ဆိုပါတယ်။

ထို့နောက် ၂၄ ရက်မျှအကြာမှာ အိန္ဒိယအမေရိကန်နဲ့ ဘရာဇီးတို့ပြီးလျှင် တတိယ ကူးစက်မှုအများဆုံး နိုင်ငံဖြစ်လာပြီး စုစုပေါင်း ကူးစက်ခံရသူ ၄ သန်းရှိလာခဲ့ပါတယ်။ ယခုလအတွင်းမှာတော့ အိန္ဒိယက ဘရာဇီးကိုကျော်လွန်ကာ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။

(Photo: Reuters)

လက်ရှိမှာ အိန္ဒိယက လူဦးရေ ၁ သန်းကို နေ့စဥ် ဗိုင်းရပ်စ် စစ်ဆေးနေပေမဲ့ လုံလောက်မှု မရှိကြောင်းနဲ့ အမှန်တစ်ကယ် ကူးစက်ခံရသူဦးရေဟာ တရားဝင် ထုတ်ပြန်ထားတာထက် များစွာပိုနိုင်ကြောင်း ကျွမ်းကျင်သူ အများအပြားက ပြောကြပါတယ်။ အိန္ဒိယဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ထောက်ပံ့မှုအနည်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံရဲ့လူဦးရေ ၁.၃ ဘီလီယံဟာ လူနေအထူထပ်ဆုံး မြို့ကြီးတွေနဲ့ မြို့ငယ်တွေမှာ နေထိုင်လျက်ရှိကြောင်း AFP သတင်းက ဖော်ပြပါတယ်။ အိန္ဒိယမှာ မတ်လအတွင်း တစ်နိုင်ငံလုံးကို lockdown သတ်မှတ်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ကူးစက်မှုတွေ မြင့်တက်ပေမဲ့လည်း ဖြေလျှော့ပေးနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က