အိန္ဒိယမှာ ကူးစက်ခံရသူ ၃.၈၅ သန်းကျော် ရှိလာခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ COVID-19 နေ့အလိုက် ကူးစက်မှုအမြင့်ဆုံး နိုင်ငံအဖြစ် အိန္ဒိယက နောက်ထပ် စံချိန်သစ်တင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

အိန္ဒိယအစိုးရက ယနေ့ (စက်တင်ဘာ ၃ ရက်) ထုတ်ပြန်မှုအရ ကူးစက်ခံရသူ နောက်ထပ် ၈၃,၈၈၃ ဦးအထိ တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအမြင့်ဆုံး စံချိန်သစ်တင်ခဲ့ကာ စုစုပေါင်း ကူးစက်မှု ၃.၈၅ သန်းကျော် ရှိလာခဲ့ပါတယ်။ အိန္ဒိယရဲ့ COVID-19 ကူးစက်မှုဟာ ကမ္ဘာတစ်ဝန်း ကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံထက် ၁၀၀,၀၀၀ မျှသာ လျော့နည်းတော့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။



ကမ္ဘာတစ်ဝန်းမှာ အမေရိကန်နဲ့ ဘရာဇီးပြီးလျှင် အိန္ဒိယက ကူးစက်မှု တတိယအများဆုံး နိုင်ငံဖြစ်နေပါတယ်။ အိန္ဒိယဟာ COVID-19 ကြောင့် သေဆုံးမှုမှာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဥ်ပါက နည်းပါးပေမဲ့ အာရှဒေသတွင်း COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး နိုင်ငံဖြစ်ကြောင်း သိရပါတယ်။

(Photo: Reuters)

ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်မှုအရ အိန္ဒိယမှာ COVID-19 ကြောင့်‌ သေဆုံးသူ ၁,၀၄၃ ဦး တိုးလာခဲ့ပြီး စုစုပေါင်း သေဆုံးမှုအရေအတွက် ၆၇,၃၇၆ ဦး ဖြစ်လာခဲ့ပါတယ်။ လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယမှာ ဩဂုတ် ၃၀ ရက် ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူ ၇၈,၇၆၁ ဦးဖြင့် တစ်ကမ္ဘာလုံးမှာ တစ်ရက်အတွင်း ကူးစက်မှုအများဆုံးအဖြစ် စံချိန်တင်ခဲ့ဖူးပါတယ်။ အိန္ဒိယမှာ မွမ်ဘိုင်းနဲ့ နယူးဒေလီကဲ့သို့ အဓိက မြို့ကြီးတွေမှာ COVID-19 ကူးစက်မှုတွေ ဆိုးရွားစွာ ဖြစ်ပွားနေခဲ့တာ ဖြစ်ပေမဲ့ ယခုအခါမှာတော့ မြို့ငယ်တွေနဲ့ ကျေးလက်ဒေသတွေမှာပါ ကူးစက်မှုများ မြင့်တက်နေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က