သွေးနမူနာတွေကို လူနေဧရိယာအတွင်း ယူဆောင်လာခဲ့ပါက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှာကို ကြောက်လန့်နေကြပါတယ်။

အိန္ဒိယနိုင်ငံမှာ မျောက်အုပ်စုတစ်ခုက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးကို တိုက်ခိုက်ခဲ့ပြီးနောက် COVID-19 လူနာတွေရဲ့ သွေးနမူနာများကို လုယူသွားခဲ့ကြောင်း အာဏာပိုင်တွေက မေ ၂၉ ရက်နေ့မှာ ပြောပါတယ်။

(Photo: Kaumudi)

ယခု သီတင်းပတ်အတွင်း အူတာပရာဒက်ရှ်ပြည်နယ် လက်ခ်နောင်းမြို့ရဲ့ မြောက်ဘက် ၂၈၆ မိုင်အကွာ မီရွတ်မြို့ရှိ အစိုးရ ဆေးဘက်ဆိုင်ရာကောလိပ်ဝင်းထဲမှာ လမ်းလျှောက်လာတဲ့ ဓာတ်ခွဲခန်းကျွမ်းကျင်သူတစ်ဦးကို မျောက်တွေက တိုက်ခိုက်ခဲ့ပြီး ၎င်းထံမှ သွေးနမူနာများ လုယူထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။



"မျောက်တွေက ဆေးကုသမှုခံယူနေတဲ့ COVID-19 လူနာလေးဦးရဲ့ သွေးနမူနာတွေကို လုယူပြီး ထွက်ပြေးသွားခဲ့ကြတယ်၊ သူတို့ရဲ့ သွေးနမူနာတွေကို ပြန်ယူခဲ့ရပါတယ်" လို့ ဒေါက်တာ SK Garg က ပြောပါတယ်။ မျောက်တွေက သွေးနမူနာတွေကို မည်သည့်နေရာမှာ လွှင့်ပစ်ခဲ့ကြောင်း အတိအကျ မသိဘူးလို့ အာဏာပိုင်တွေက ဆိုပါတယ်။

(Photo: IndianExpress)

သို့သော် အဆိုပါ ကောလိပ်ဝင်းအနီးရှိ ဒေသခံတွေကတော့ မျောက်တွေက COVID-19 လူနာတွေရဲ့ သွေးနမူနာတွေကို လူနေဧရိယာအတွင်း ယူဆောင်လာခဲ့ပါက နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှာကို စိုးရိမ်ကြောက်လန့်နေကြပါတယ်။ မျောက်တွေဟာ သွေးနမူနာများနဲ့ ထိတွေ့မိပါက COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သယ်ဆောင်နိုင်ခြင်းရှိ မရှိ အတိအကျ မသိရကြောင်း ဒေါက်တာ SK Garg က ဆိုပါတယ်။

"မျောက်တွေကနေ ရောဂါကူးစက်နိုင်တဲ့ အထောက်အထားတော့ မတွေ့ရပါဘူး" လို့ ၎င်းက Rueters သတင်းဌာနကို ပြောခဲ့ပါတယ်။ အိန္ဒိယမှာ မျောက်တွေ လမ်းမှားပြီး လူနေဒေသများအတွင်း ရောက်ရှိလာမှုတွေ ပိုမိုများပြားလာပါတယ်။ လူနေဒေသအတွင်း ရောက်ရှိလာတဲ့ မျောက်တွေကြောင့် အနှောင်အယှက်ဖြစ်စေပြီး လူတွေကို တိုက်ခိုက်တဲ့အထိပင် ကြုံရလေ့ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့ရှိ တောရိုင်းတိရိစ္ဆာန်တွေရောင်းချနေတဲ့ ဈေးတစ်ခုအတွင်း တိရိစ္ဆာန်တွေကနေ လူတွေကို ကူးစက်ခဲ့ခြင်းဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ အိန္ဒိယနိုင်ငံမှာ ယနေ့ (မေ ၃၀ ရက်) မနက်ပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၁၇၀,၀၀၀ ကျော်၊ သေဆုံးသူ ၄,၉၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၈၁,၀၀၀ ကျော်ရှိခဲ့ပါတယ်။

တိရိစ္ဆာန်တွေက အစာရှာရန် လူနေဒေသများအတွင်းသို့ ရောက်ရှိလာကြတဲ့ အဓိက အကြောင်းရင်းဟာ ၎င်းတို့ရဲ့ သဘာဝအလျောက် နေထိုင်ကျက်စားရာ နေရာများ ပျက်စီးလာခြင်းကြောင့် ဖြစ်တယ်လို့ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေးသမားတွေက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က