စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့တည်ရှိရာ မဟာရက်ရှ်ထရာပြည်နယ်မှာ COVID-19 ကူးစက်မှု အဆိုးဆုံးဖြစ်ပါတယ်။

COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ အိန္ဒိယနိုင်ငံမှာ နေ့စဥ် ကူးစက်မှုအသစ်တွေ့ရှိရမှု အများဆုံး စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ (ဇူလိုင် ၅ ရက်) ထုတ်ပြန်မှုအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ နောက်ထပ် ၂၅,၀၀၀ နီးပါးအထိ စစ်ဆေးတွေ့ရှိခဲ့ရပြီး သေဆုံးသူ ၆၁၃ ဦးရှိခဲ့ပါတယ်။ ယခု စစ်ဆေးတွေ့ရှိရမှုဟာ ဇန်နဝါရီလနှောင်းပိုင်းက အိန္ဒိယမှာ ပထမဆုံး COVID-19 အတည်ပြုလူနာ ရှိလာခဲ့ပြီးနောက်ပိုင်း နေ့အလိုက် ကူးစက်မှုအသစ် အများဆုံး စံချိန်တင်မြင့်တက်လာမှု ဖြစ်ခဲ့ပါတယ်။



Worldometers ဝက်ဘ်ဆိုက်ရဲ့ ဇူလိုင် ၅ ရက် ညဥ့်နက်ပိုင်း ကိန်းဂဏန်းဖော်ပြမှုတွေအရ အိန္ဒိယမှာ ကူးစက်ခံရသူ ၆၉၇,၀၀၀ ဦးကျော်ရှိလာခဲ့ပြီး ကူးစက်မှုအများဆုံး တတိယနေရာမှ ရုရှားနိုင်ငံထက် ပိုများလာခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယမှာ လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးသူ ၁၉,၆၉၉ ဦးနဲ့ ပြန်လည်သက်သာသူ ၄၂၄,၈၈၅ ဦးရှိခဲ့ကြောင်းလည်း Worldometers က ဖော်ပြထားပါတယ်။

(Photo: EPA-EFE)

လတ်တလော သီတင်းပတ်များအတွင်း COVID-19 ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေခဲ့တဲ့ အိန္ဒိယဟာ ယခုအခါ ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်နဲ့ ဘရာဇီးပြီးလျှင် ကူးစက်မှုအများဆုံး တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ကူးစက်မှုတွေ မြင့်တက်လာမှုကြောင့် နယူးဒေလီမြို့တော်မှာလည်း COVID-19 လူနာတွေကို ကုသရန် တရားစခန်းတစ်ခုကို ယာယီဆေးရုံအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ကတ်ထူကုတင် ၁၀,၀၀၀ ဖြင့် ပြင်ဆင်ထားပါတယ်။

နယူးဒေလီမြို့စွန်ရှိ အဆိုပါ ယာယီဆေးရုံမှာ COVID-19 ရောဂါမပြင်းထန်သူတွေနဲ့ ရောဂါလက္ခဏာ မပြသူတွေကို ကုသပေးသွားမယ်လို့ ဆိုပါတယ်။ လူဦးရေ ၂၅ သန်းရှိတဲ့ ဒေလီပြည်နယ်မှ တာဝန်ရှိသူတွေက ဇူလိုင်လကုန်မှာ ပြည်နယ်အတွင်း ကူးစက်ခံရသူဦးရေ သန်းတစ်ဝက်ကျော် ဖြစ်လာနိုင်ကြောင်း စိုးရိမ်ပူပန်နေကြပါတယ်။

(Photo: AFP)

နယူးဒေလီမြို့မှာ COVID-19 လူနာ များပြားလာမှုကြောင့် ဟိုတယ်များ၊ မင်္ဂလာဆောင်ခန်းမများနဲ့ ရာနဲ့ချီတဲ့ မီးရထားတွဲတွေကို ယာယီ ဆေးရုံများအဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ရန် အသင့်ပြင်ထားကြောင်း သိရပါတယ်။ အိန္ဒိယမှာ COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် တစ်နိုင်ငံလုံးရှိ လူဦးရေ ၁.၃ ဘီလီယံကို မတ်လနှောင်းပိုင်းမှစပြီး အသွားအလာ ပိတ်ပင်ကန့်သတ်ကာ lockdown လုပ်ထားခဲ့ပါတယ်။

လက်ရှိမှာတော့ lockdodwn စီမံဆောင်ရွက်မှုတွေကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေခဲ့ပါတယ်။ အိန္ဒိယမှာ စာသင်ကျောင်းများ၊ မြို့ကြီးများရှိ မြေအောက်ရထားများ၊ ရုပ်ရှင်ရုံများ၊ ကိုယ်ကာယလေ့ကျင့်ရေးခန်းများနဲ့ ရေကူးကန်များကို ပိတ်ထားဆဲဖြစ်ပြီး နိုင်ငံတကာလေကြောင်းခရီးစဥ် ပျံသန်းခွင့်ကိုလည်း ရပ်ဆိုင်းထားဆဲ ဖြစ်ပါတယ်။

(Photo: AFP)

အများပြည်သူနဲ့ဆိုင်ရာ နေရာတွေမှာ mask တပ်ရန် စည်းမျဥ်းထုတ်ထားပြီး လူအများအပြား စုရုံးမှုတွေကို တားမြစ်ထားပါတယ်။ ဈေးဆိုင်တွေဲ့ အခြား အများပြည်သူဆိုင်ရာ အဆောက်အအုံတွေမှာ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာရှိနေစေရေး စီစဥ်ပေးထားရန် ညွှန်ကြားထားပါတယ်။

အိန္ဒိယပြည်နယ်တွေအနက် စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့တည်ရှိရာ နိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ဟာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး နေရာဖြစ်ပြီး ဇူလိုင် ၅ ရက် စာရင်းတွေအရ ကူးစက်ခံရသူ နောက်ထပ် ၇,၀၀၀ ကျော် တိုးလာခဲ့ပြီး တောင်ပိုင်း တမီလ်နာဒူနဲ့ ဒေလီ ပြည်နယ်တွေမှာလည်း ကူးစက်ခံရသူ ၄,၂၀၀ ကျော်နဲ့ ၂,၅၀၀ အသီးသီး တိုးလာခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ပြည်နယ်မြို့တော်တွေ ဖြစ်ကြတဲ့ မွမ်ဘိုင်း၊ နယူးဒေလီနဲ့ ချင်နိုင်းတို့ဟာ အိန္ဒိယမှာ COVID-19 ကူးစက်မှု အဆိုးဆုံးဖြစ်ပွားတဲ့ မြို့ကြီးတွေဖြစ်ပါတယ်။ အိန္ဒိယအစိုးရက COVID-19 ကပ်ရောဂါအရေးကို ကောင်းစွာ ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း ပြောပေမဲ့ ဝေဖန်သူတွေကတော့ အိန္ဒိယဟာ စစ်ဆေးမှုအနည်းငယ်မျှသာ လုပ်ဆောင်နေကြောင်းနဲ့ အမှန်တစ်ကယ် ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အတိုင်းအတာကို မသိရှိနိုင်စေခဲ့ကြောင်း စွပ်စွဲထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က