လူဦးရေ ဒါဇင်နဲ့ချီ ပိတ်မိနေနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ သုံးထပ်အဆောက်အအုံ ပြိုကျခဲ့ပြီးနောက် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: Twitter/satyaprad1)

အိန္ဒိယရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမြို့အနီး Bhiwandi မြို့မှာ ယနေ့ (စက်တင်ဘာ ၂၁ ရက်) ဒေသစံတော်ချိန် မနက် ၃ နာရီ ၄၀ မိနစ်ဝန်းကျင်က အဆောက်အအုံပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆိုပါတယ်။ "လူ ၁၅ ယောက် သေဆုံးသွားပါတယ်၊ ၁၁ ယောက်ကို ကယ်နိုင်ခဲ့တယ်" လို့ Bhiwandi ကို ကြီးကြပ်ကွပ်ကဲတဲ့ Thane မြို့မှ တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။



ပြိုကျခဲ့တဲ့ အဆောက်အအုံမှာ နေထိုင်ကြသူအချို့ဟာ ညလယ်ပိုင်းမှာ အဆောက်အအုံအတွင်း အက်ကွဲကြောင်းများ ပေါ်လာခဲ့ပြီးနောက် အပြင်ထွက်ရန် ကြိုးပမ်းနေခဲ့ကြစဥ် ပြိုကျသွားခဲ့တယ်လို့ ဆိုပါတယ်။ "အဆောက်အအုံက တစ်ဝက်ပြိုကျသွားခဲ့ပြီး မိသားစု ၂၅ ခုကနေ ၂၆ ခုနီးပါး ပိတ်မိနေခဲ့ကြတယ်" လို့ Bhiwandi မြို့ စည်ပင်သာယာရေးအဖွဲ့ဝင် Pankaj Ashiya က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

(Photo: Francis Mascarenhas/Reuters)

အထပ်သုံးထပ်ပါ ပြိုကျသွားတဲ့ အဆောက်အအုံမှာ လူနေအိမ်ခန်း ၅၄ ခန်းရှိကြောင်း သိရပါတယ်။ အဆောက်အအုံပြိုကျတဲ့နေရာမှာ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း ၄၀ ကျော် ရောက်ရှိနေပြီး National Disaster Response Force (NDRF) မှ လူအင်အား ၃၀ ပါ ကယ်ဆယ်ရေးအဖွဲ့နဲ့ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

NDRF အထွေထွေညွှန်ကြားရေးမှူး Satya Narayan Pradhan က Twitter မှာ ပြောကြားမှုအရ ကယ်ဆယ်ရေးအဖွဲ့တွေက အထူးပြုကိရိယာများနဲ့ အနံ့ခံခွေးများ အသုံးပြုပြီး အဆောက်အအုံ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူ ၂၀ မှ ၂၅ ဦးကို ကယ်ဆယ်ရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။ AP သတင်းက ဖော်ပြမှုအရ အဆောက်အအုံ ပြိုကျမှုအတွင်း လူ ၁၁ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AP)

ပြိုကျခဲ့တဲ့ အဆောက်အအုံဟာ သက်တမ်း နှစ် ၃၀ ကျော်ရှိပြီဖြစ်ပြီး ပြင်ဆင်မှုများ လုပ်ဆောင်ရန်လိုအပ်နေကြောင်းနဲ့ COVID-19 ကူးစက်ဖြစ်ပွားမှုကြောင့် lockdown လုပ်ထားခဲ့ရာ ပြင်ဆင်မှု မလုပ်နိုင်ခဲ့ကြောင်း Bhiwandi မြို့ စည်ပင်သာယာရေးအဖွဲ့ဝင် Pankaj Ashiya က ပြောပါတယ်။ သို့သော် အဆောက်အအုံပြိုကျရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက အတိအကျ မထုတ်ပြန်သေးပါဘူး။

အိန္ဒိယမှာ အိုဟောင်းနေမှုနဲ့ တရားမဝင် ဆောက်လုပ်မှုတို့ကြောင့် အဆောက်အအုံ ပြိုကျမှုတွေ မကြာခဏ ဖြစ်လေ့ရှိပြီး အထူးသဖြင့် မိုးများတဲ့ မုတ်သုံရာသီကာလအတွင်း အများဆုံး ဖြစ်ပွားကြောင်း သိရပါတယ်။ ပြီးခဲတဲ့ လအတွင်းမှာလည်း မွမ်ဘိုင်းမြို့တောင်ဘက် ၁၀၂ မိုင်အကွာရှိ စက်မှုလုပ်ငန်းများရှိရာ Mahad မြို့မှာ အဆောက်အအုံတစ်ခု ပြိုကျခဲ့ရာ လူဦးရေ တစ်ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။


(နောက်ဆက်တွဲသတင်းနဲ့ အချက်အလက်အပြောင်းအလဲ ရှိလာနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က