နှစ်ဖက်လုံးမှာ စစ်သားအချို့ ဒဏ်ရာရခဲ့ကြပါတယ်။

အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံကြား တောင်တန်းများပေါ်ရှိ နယ်စပ်နေရာမှာ နှစ်ဖက်စစ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြရာ ဒဏ်ရာရမှုတွေရှိခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

နှစ်နိုင်ငံ စစ်သားတွေကြား စနေနေ့ (မေ ၉ ရက်) က ခိုက်ရန်ဖြစ်ပွားခဲ့ရာ အပြန်အလှန် ထိုးကြိတ်ပြီး ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ နယ်စပ်မှာ ခိုက်ရန်ဖြစ်ပွားမှုအတွင်း အိန္ဒိယစစ်သား လေးဦးနဲ့ တရုတ်စစ်သား ခုနစ်ဦး ဒဏ်ရာရခဲ့ကြကြောင်း အိန္ဒိယစစ်တပ်က မေ ၁၀ ရက်နေ့မှာ ပြောပါတယ်။



နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ နှစ်နိုင်ငံကြား ကာလရှည်ကြာ နယ်စပ်တင်းမာမှုတွေရှိခဲ့ပြီး ၁၉၆၂ ခုနှစ်က အိန္ဒိယအရှေ့မြောက်ဘက်စွန်း Arunachal Pradesh ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး စစ်ပွဲဖြစ်ပွားခဲ့ဖူးကြောင်း AFP သတင်းက ဖော်ပြပါတယ်။ အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံကြား မိုင် ၂,၁၀၀ ရှည်လျားတဲ့ နယ်စပ်ဒေသမှာ အားပြိုင်မှုတွေ ရှိခဲ့ပါတယ်။

(Photo: ANI)

တစ်ခါတရံ နှစ်ဖက်စစ်သားများ ရင်ဘတ်ချင်းဝင်တိုက်ခြင်း၊ တွန်းထိုးခြင်းနဲ့ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းတို့ ဖြစ်လေ့ရှိကြောင်း သိရပါတယ်။ ယခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်စစ်သားများ ခိုက်ရန်ဖြစ်မှုဟာ အိန္ဒိယပြည်နယ် Sikkim အတွင်း ဟိမဝန္တာတောင်းတန်းဒေသ အမြင့်ပေ ၁၆,၄၀၀ ရှိ Naku La နယ်စပ်ဖြတ်သန်းနေရာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ "နှစ်ဖက်စစ်သားနှစ်ယောက် ရန်လိုတဲ့ အပြုအမှုတွေကနေတစ်ဆင့် ထိပ်တိုက်တွေ့ကြပြီး ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။

(Map: Google Maps)

နှစ်ဖက်လုံးက စစ်သားတွေ ဒဏ်ရာအနည်းငယ်စီရခဲ့ကြပါတယ်၊ ကျောက်ခဲနဲ့ အပြန်အလှန် ပစ်ပေါက်ပြီး အငြင်းအခုံဖြစ်ကြရာကနေ ထိုးကြိတ်ကြတဲ့ ရန်ပွဲဖြစ်ခဲ့ပါတယ်" လို့ အိန္ဒိယစစ်တပ် အရှေ့ပိုင်းစစ်ဌာနချုပ် ပြောခွင့်ရအမျိုးသား Mandeep Hooda က AFP ကို ပြောပါတယ်။

ယခုရန်ပွဲမှာ နှစ်ဖက်စစ်သား ၁၅၀ ခန့် ပါဝင်ခဲ့ကြကြောင်း အိန္ဒိယသတင်းဌာန PTI က ဆိုပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း နယ်စပ်နေရာမှာ အိန္ဒိယနဲ့တရုတ် စစ်သားများ ရန်ပွဲဖြစ်ပွားခဲ့ဖူးပြီး ကျောက်ခဲများဖြင့်ပစ်ပေါက်ပြီး ထိုးကြိတ်ခဲ့ကြကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က