ဗိုလ်ချုပ်ကြီးဆိုလီမန်နီကို တိုက်ခိုက်သတ်ဖြတ်ခဲ့မှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အီရန်က ပြောပါတယ်။

အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း နေရာနှစ်ခုကို အီရန်နိုင်ငံက ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

(အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု) (Photo: AFP)

ယခုတိုက်ခိုက်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ တိုက်ရိုက်အမိန့်အရ ၎င်းတို့ရဲ့ အရေးပါတဲ့ ဗိုလ်ချုပ်ကြီး ကွာဆမ်ဆိုလီမန်နီကို အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ ဒရုန်းဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့မှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အီရန်အစိုးရ ရုပ်မြင်သံကြားသတင်းက ပြောပါတယ်။



ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားမှုအရ ဒေသစံတော်ချိန် ယနေ့ (ဇန်နဝါရီ ၈ ရက်) မနက် ၂ နာရီခန့်မှာ အီရန်က အီရတ်နိုင်ငံ Erbil နဲ့ Al-Asad ရှိ အမေရိကန်စစ်အခြေစိုက်စခန်းနှစ်ခုကို ပစ်မှတ်ထားပြီး ပဲ့ထိန်းဒုံးကျည် ၂၂ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

(အီရန်က အမေရိကန်စစ်အခြေစိုက်စခန်းနှစ်ခုကို တိုက်ခိုက်မှုပြမြေပုံ) (Map: Daily Mail)

အီရန်အစိုးရ ရုပ်မြင်သံကြားသတင်းဌာနကလည်း အီရတ်ရှိ အမေရိကန်စစ်စခန်းတွေကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အမေရိကန်က နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပါက ပိုမိုပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အီရန်က တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရသူရှိ မရှိကိုတော့ အတိအကျ မသိရသေးပါဘူး။ အီရန်အစိုးရကတော့ အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ကြောင်း ပြောထားပါတယ်။

"အီရတ်မှာရှိတဲ့ အမေရိကန်နေရာတွေကို တိုက်ခိုက်တဲ့သတင်းတွေ ကျွန်မတို့ သိထားပါတယ်၊ သမ္မတက လမ်းညွှန်ထားတာရှိပါတယ်၊ ပြီးတော့ သူက ဒီအခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး သူ့ရဲ့ နိုင်ငံတော်လုံခြုံရေးအဖွဲ့ထံက အကြံပေးမှုတွေရယူနေပါတယ်" လို့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Stephanie Grisham က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမန်နီ) (Photo: Tasnim News Agency)

ဇန်နဝါရီ ၃ ရက်နေ့က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အမေရိကန်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုအတွင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးဆိုလီမန်နီ သေဆုံးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဆိုလီမန်နီ သေဆုံးမှုအတွက် နိုင်ငံတစ်ဝှမ်း သုံးရက်ကြာ ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ်အဖြစ် သတ်မှတ်လိုက်ကြောင်းနဲ့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီက ပြောဆိုထားခဲ့ပါတယ်။

(အီရန်ဒုံးကျည် အပျက်အစီးတစ်ခု) (Photo: Anadolu Agency via Getty Images)

ဗိုလ်ချုပ်ကြီးဆိုလီမန်နီရဲ့ ဈာပနအခမ်းအနားကို ယမန်နေ့က ၎င်းရဲ့ဇာတိ ကာမန်မြို့မှာ ပြုလုပ်ခဲ့ပြီး ထောင်ပေါင်းများစွာ စုဝေးတက်ရောက်ခဲ့ကြရာမှာ လူအုပ်လဲပြိုမှုကြောင့် ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။ အီရန်ရဲ့ အရေးပါတဲ့ ဗိုလ်ချုပ်ကြီးဆိုလီမန်နီ အသတ်ခံရမှုက အမေရိကန်နဲ့ အီရန်တို့ကြား စစ်ပွဲဖြစ်လာနိုင်ကြောင်း စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။

ဆိုလီမန်နီဟာ အီရန်မှာ ခေါင်းဆောင်ကြီး ခါမေနီပြီးပါက ဒုတိယ ဩဇာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ယူဆရပါတယ်။ အမေရိကန်နိုင်ငံက ၎င်းကို အကြမ်းဖက်သမားတစ်ဦးအဖြစ်နဲ့ အမေရိကန်တပ်ဖွဲ့တွေကို ခြိမ်းခြောက်အန္တရာယ်ပေးနိုင်သူလို့ ရှုမြင်ထားပါတယ်။ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးကို အီရန်လိုလားတဲ့ လူအုပ်စုက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီးနောက် သမ္မတထရန့်က အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမန်နီကိုသတ်ရန် အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

(အီရတ်နိုင်ငံရှိ al-Asad အမေရိကန်စစ်အခြေစိုက်စခန်း) (Photo: AP)

ဆိုလီမန်နီကို သတ်ခဲ့မှုအတွက် အီရန်က လက်တုံ့ပြန် တိုက်ခိုက်လာပါက အီရန်နိုင်ငံရှိ ယဥ်ကျေးမှုဆိုင်ရာ အဆောက်အအုံနဲ့ နေရာများအပါအဝင် ပစ်မှတ် ၅၂ ခုကို တိုက်ခိုက်သွားမယ်လို့လည်း အမေရိကန်သမ္မတထရန့်က အစောပိုင်းမှာ ပြောဆိုထားခဲ့ပါတယ်။ အမေရိကန်က အီရန်ဗိုလ်ချုပ်ကြီးကို သတ်လိုက်ပြီးနောက် အီရတ်လွှတ်တော်က ၎င်းတို့နိုင်ငံအတွင်းမှ အမေရိကန်တပ်ဖွဲ့များ ထွက်ခွာရန်ကိစ္စကို ဆုံးဖြတ်ခဲ့ပါတယ်။ သို့သော် အမေရိကန်တပ်ဖွဲ့များ အီရတ်မှထွက်ခွာ‌မှာ မဟုတ်သေးကြောင်း အမေရိကန်စစ်ဘက်က ပြောထားပါတယ်။ သမ္မတထရန့်ကလည်း အမေရိကန်တပ်ဖွဲ့များ အီရတ်မှထွက်ခွာရပါက အီရတ်ကို အရေးယူပိတ်ဆို့မယ်လို့ ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။

(အီရတ်ရှိ အမေရိကန်စစ်အအခြေစိုက်စခန်းတစ်ခုကို သမ္မတထရန့် ရောက်ရှိခဲ့စဥ်) (Photo: AP)

ယမန်နေ့မှာ အီရန်က အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး သမ္မတထရန့်က "အားလုံးအခြေအနေကောင်းပါတယ်" လို့ ၎င်းရဲ့ Twitter မှာ ယနေ့ (ဇန်နဝါရီ ၈ ရက်) ပြောထားပါတယ်။ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးဒဏ်ရာရမှု အခြေအနေကို စစ်ဆေးနေပြီး အခြေအနေကောင်းမွန်တယ်လို့ ထရန့်ကဆိုပါတယ်။

စွမ်းရည်အပြည့်ဝဆုံးနဲ့ စစ်လက်နက်ပစ္စည်းကောင်းတွေ တပ်ဆင်ထားတဲ့ အမေရိကန်စစ်တပ်ဟာ ကမ္ဘာ့နေရာတိုင်းမှာရှိကြောင်းနဲ့ မကြာမီ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်သွားမယ်လို့လည်း သမ္မတထရန့်က Twitter မှာ ရေးသားထားပါတယ်။ အမေရိကန်နဲ့ အီရန်တို့ဟာ နျူကလီးယားအရေး သဘောတူညီချက်ကိစ္စနဲ့ ပတ်သက်ပြီး အစောပိုင်းကတည်းက ဆက်ဆံရေးတင်းမာနေခဲ့ရာ ယခုလက်ရှိ အခြေအနေများအရ စစ်ရေးတင်းမာမှုတွေရှိလာပြီး စစ်မက်ဖြစ်ပွားလာနိုင်မှုအပေါ် စိုးရိမ်ပူပန်နေကြပါတယ်။



Share

Loading Next Article...
က္က