အီရန်တိုက်ခိုက်မှုအတွင်း သေဆုံးမှု မရှိခဲ့ကြောင်းလည်း အမေရိကန်သမ္မတထရန့်က ပြောပါတယ်။

အီရန်နိုင်ငံက အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲလိုက်ပုံရကြောင်းနဲ့ ၎င်းတို့ တိုက်ခိုက်မှုအတွင်း သေဆုံးမှု မရှိခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားပါတယ်။

(အီရန်ဒုံးကျည်အပျက်အစီးတစ်ခု) (Photo: Anadolu Agency via Getty Images)

သမ္မတထရန့်က ဒေသစံတော်ချိန် ဇန်နဝါရီ ၈ ရက်အကူးမှာ အီရန်က အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။ အီရန်တိုက်ခိုက်မှုအတွင်း အမေရိကန် သို့မဟုတ် အီရတ် တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့မှု မရှိကြောင်းနဲ့ စစ်အခြေစိုက်စခန်းတွေ ထိခိုက်ပျက်စီးမှု အနည်းဆုံးပမာဏသာ ဖြစ်ခဲ့တယ်လို့ အမေရိကန်သမ္မတထရန့်က ဆိုပါတယ်။



အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်မှုအတွက် အီရန်အပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်သွားမယ်လို့လည်း သမ္မတထရန့်က ပြောကြားခဲ့ပါတယ်။ အမေရိကန်စစ်စခန်းတွေကို ၎င်းတို့ တိုက်ခိုက်ခဲ့မှုကြောင့် တပ်ဖွဲ့ဝင် ၈၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အီရန်ဘက်က ပြောကြားခဲ့တဲ့ သတင်းတွေ အစောပိုင်းမှာ ထွက်ပေါ်ခဲ့ပါသေးတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် မိန့်ခွန်းပြောကြားစဥ်) (Photo: AFP via Getty Images)

ယနေ့တိုက်ခိုက်မှုဟာ အမေရိကန်က ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ကွာဆမ်ဆိုလီမန်နီကို သတ်ဖြတ်ခဲ့မှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်းနဲ့ အမေရိကန်အနေနဲ့ နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပါက ပိုမိုပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အီရန်က ထုတ်ပြန်ပြောကြားထားခဲ့ပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အမေရိကန်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုအတွင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးဆိုလီမန်နီ သေဆုံးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဆိုလီမန်နီရဲ့ ဈာပနအခမ်းအနားကို ယမန်နေ့က ၎င်းရဲ့ဇာတိ ကာမန်မြို့မှာ ပြုလုပ်ခဲ့ပြီး ထောင်ပေါင်းများစွာ စုဝေးတက်ရောက်ခဲ့ကြရာမှာ လူအုပ်လဲပြိုမှုကြောင့် ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

(အီရန်ခေါင်းဆောင် ခါမေနီနှင့် ဗိုလ်ချုပ်ကြီး ဆိုလီမန်နီ) (Photo: Office of the Supreme Leader)

အီရန်ရဲ့ အရေးပါတဲ့ ဗိုလ်ချုပ်ကြီးဆိုလီမန်နီ အသတ်ခံရမှုက အမေရိကန်နဲ့ အီရန်တို့ကြား စစ်ပွဲဖြစ်လာနိုင်ကြောင်း စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။ ဆိုလီမန်နီဟာ အီရန်မှာ ခေါင်းဆောင်ကြီး ခါမေနီပြီးပါက ဒုတိယ ဩဇာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ယူဆရပါတယ်။

အမေရိကန်နိုင်ငံက ၎င်းကို အကြမ်းဖက်သမားတစ်ဦးအဖြစ်နဲ့ အမေရိကန်တပ်ဖွဲ့တွေကို ခြိမ်းခြောက်အန္တရာယ်ပေးနိုင်သူလို့ ရှုမြင်ထားပါတယ်။ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးကို အီရန်လိုလားတဲ့ လူအုပ်စုက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီးနောက် သမ္မတထရန့်က အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမန်နီကိုသတ်ရန် အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

(အီရန် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုတစ်ခု) (Photo: IRAN Press/AFP via Getty Images)

အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမန်နီက အမေရိကန်ကို တိုက်ခိုက်မှုကြီးတစ်ခု လုပ်ဆောင်ရန် စီစဥ်နေခဲ့တယ်လို့လည်း ထရန့်ကပြောခဲ့ပါတယ်။ အမေရိကန်နဲ့ အီရန်တို့ဟာ နျူကလီးယားအရေး သဘောတူညီချက်ကိစ္စနဲ့ ပတ်သက်ပြီး အစောပိုင်းကတည်းက ဆက်ဆံရေးတင်းမာနေခဲ့ရာ ယခုလက်ရှိ အခြေအနေများအရ စစ်ရေးတင်းမာမှုတွေရှိလာပြီး စစ်မက်ဖြစ်ပွားလာနိုင်မှုအပေါ် စိုးရိမ်ပူပန်နေကြပါတယ်။

Share

Loading Next Article...
က္က