အစိုးရတာဝန်ရှိသူတွေနဲ့ ထောက်လှမ်းရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြကြပါတယ်။

တီဟီရန်မြို့အနီး ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၈ ရက်) က ပျက်ကျခဲ့တဲ့ ယူကရိန်းလေယာဥ်ကို အီရန်က မှားယွင်းပစ်ချလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာတွေက အစိုးရတာဝန်ရှိသူတွေနဲ့ ထောက်လှမ်းရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြကြပါတယ်။

(Photo: Anadolu Agency via Getty Images)

ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Ukraine International Airlines) မှ Boeing 737-800 လေယာဥ်ဟာ ဒုံးကျည်တစ်စင်း ထိမှန်ခံခဲ့ရတယ်လို့ ၎င်းတို့ယုံကြည်ကြောင်း အ‌မေရိကန်အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့တယ်လို့ CBS သတင်းကဆိုပါတယ်။ လေယာဥ်ကို ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်းဟုတ် မဟုတ် စစ်ဆေးနေကြောင်း ယူကရိန်းနိုင်ငံက အစောပိုင်းမှာ ပြောခဲ့သေးပေမဲ့ အီရန်ကတော့ ထိုအချက်ကို ပယ်ချထားခဲ့ပါတယ်။



အီရန်က အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းနှစ်ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းမျှအကြာမှာ ယူကရိန်းလေယာဥ်ပျက်ကျခဲ့တာလည်း ဖြစ်ပါတယ်။ ထိုနေ့က ယူကရိန်းလေယာဥ်ပျက်မကျမီ ဒုံးကျည်ပစ်လွှတ်မှု အစက်အပြောက်နှစ်ခုကို ရေဒါမှာ ထောက်လှမ်းတွေ့ရှိခဲ့ရကြောင်း၊ ထို့နောက် အစက်အပြောက်တစ်ခုဟာ ပေါက်ကွဲသွားခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS က ပြောပါတယ်။

(Photo: AFP)

ထိုအတောအတွင်း ပင်တဂွန်စစ်ဌာနချုပ်၊ အမေရိကန်ထောက်လှမ်းရေး တာဝန်ရှိသူတွေနဲ့ အီရတ်ထောက်လှမ်းရေး တာဝန်ရှိသူတစ်ဦးတို့က ယူကရိန်းလေယာဥ်ဟာ ရုရှားလုပ် Tor M-1 မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တစ်စင်း ထိမှန်ခံခဲ့ရတယ်လို့ ၎င်းတို့ယုံကြည်ကြောင်း ပြောကြားမှုကို Newsweek သတင်းကလည်း ဖော်ပြခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ယူကရိန်းလေယာဥ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး သံသယရှိကြောင်းနဲ့ တစ်စုံတစ်ဦးက အမှားတစ်ခု လုပ်နိုင်ခဲ့ကြောင်း ယမန်နေ့ (ဇန်နဝါရီ ၉ ရက်) မှာ ပြောခဲ့ပါတယ်။ အစောပိုင်းသတင်းအချို့မှာလည်း အီရန်နိုင်ငံ ယူကရိန်းလေယာဥ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာ (Black Box) ကို ယူကရိန်း သို့မဟုတ် Boeing လေယာဥ်ကုမ္ပဏီကို ပြန်လည်ပေးအပ်မှာ မဟုတ်ကြောင်း ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(Photo: Ukrainian Presidential Press Service/Handout via Reuters)

အီရန်နိုင်ငံ တီဟီရန်မြို့မှ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ထွက်ခွာလာတဲ့ လေကြောင်းခရီးစဥ်အမှတ် PS752 လေယာဥ်ဟာ လေဆိပ်မှ ပျံတက်ပြီးနောက် မကြာမီမှာ ပျက်ကျသွားခဲ့ပြီး လေယာဥ်ပေါ်မှာ လိုက်ပါသွားသူ ခရီးသည်နဲ့ လေယာဥ်အမှုထမ်း ၁၇၆ ဦးလုံး သေဆုံးခဲ့ပါတယ်။ လေယာဥ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေအနက် အီရန် ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ဦး၊ လေယာဥ်အမှုထမ်း အားလုံးအပါအဝင် ယူကရိန်း ၁၁ ဦး၊ ဆွီဒင် ၁၀ ဦး၊ အာဖဂန် လေးဦး၊ ဗြိတိန်သုံးဦးနဲ့ ဂျာမန်သုံးဦး ပါဝင်ကြောင်းလည်း သိရပါတယ်။

အမေရိကန်က အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်မှာ အီရန်စစ်တပ်ရဲ့ အရေးပါတဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီး ကွာဆမ်ဆိုလီမန်နီကို တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက် အမေရိကန်နဲ့ အီရန်တို့ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ ထို့နောက် ဇန်နဝါရီ ၈ ရက်မှာ အီရန်က အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းနှစ်ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

(Photo: ISNA/AFP via Getty Images)

အီရန်တိုက်ခိုက်မှုအတွင်း အမေရိကန် သို့မဟုတ် အီရတ်တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သမ္မတထရန့်က ပြောထားပါတယ်။ ထိုတိုက်ခိုက်မှုပြီးနောက် အမေရိကန်သမ္မတထရန့်က နိုင်ငံကို မိန့်ခွန်းပြောကြားခဲ့ရာမှာ အီရန်ဘက်က တိုက်ခိုက်မှုတွေ ရပ်ဆိုင်းလိုက်ပုံရကြောင်း၊ အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်မှုအတွက် အီရန်အပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ပြုမှာမဟုတ်ကြောင်း၊ အမေရိကန်အနေနဲ့ ငြိမ်းချမ်းရေးလိုလားသူ အားလုံးနဲ့အတူ ငြိမ်းချမ်းရေးအတွက် အသင့်ရှိကြောင်းလည်း ထရန့်ကဆိုပါတယ်။ အမေရိကန်သမ္မတထရန့်ရဲ့ အဆိုပါ မိန့်ခွန်းဟာ အီရန်နဲ့ စစ်ရေးပဋိပက္ခ ဆက်မဖြစ်လိုတဲ့သဘောကို ထင်ဟပ်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်က ကုလသမဂ္ဂထံ ပေးစာတစ်စောင်မှာလည်း ကြိုတင်သတ်မှတ်ချက်တွေမထားဘဲ အီရန်နဲ့ အလေးအနက် ဆွေးနွေးညှိနှိုင်းရန် အသင့်ရှိကြောင်း ပြောကြားထားကြောင်း သိရပါတယ်။

(Photo: AFP/Getty Images)

အထောက်အထားတွေတွေအရ ယူကရိန်း ခရီးသည်တင်လေယာဥ်ကို အီရန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က မှားယွင်းပစ်ချလိုက်တာဖြစ်ကြောင်း အနောက်အုပ်စု ခေါင်းဆောင်တွေပြောကြောင်း နောက်ဆက်တွဲသတင်းတွေမှာ ဖော်ပြပါတယ်။ ကနေဒါနဲ့ ဗြိတိန်နိုင်ငံတို့က ယူကရိန်းလေယာဥ် ပျက်ကျမှုကို ပြည့်ပြည့်စုံစုံနဲ့ မခြွင်းမချန် စုံစမ်းစစ်ဆေးမှုပြလုပ်ရန် တောင်းဆိုခဲ့ကြပါတယ်။ အီရန်ကတော့ ၎င်းရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က လေယာဥ်ကို ပစ်ချခဲ့ကြောင်း သတင်းတွေကို ပယ်ချထားခဲ့ပါတယ်။ အီရန်နိုင်ငံ ရုရှားလုပ် Tor လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ဒုံးကျည်တွေကို ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က