မည်သည့်တိုက်ခိုက်မှုကိုမဆို မငဲ့ညှာစတမ်း တန်ပြန်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်က အီရန်ကို ရှင်းလင်းပြတ်သားတဲ့ သတိပေးမှုအဖြစ် အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင်စစ်သင်္ဘောတစ်စီးနဲ့ ဗုံးကြဲတပ်ဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်ကြောင်း သိရပါတယ်။

(အမေရိကန် နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လ်တန်) (Photo: Reuters)

စစ်သင်္ဘောဖြန့်ကျက်ထားမှုဟာ အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်လာနိုင်ခြေရှိကြောင်း ပြောဆိုမှုတွေအရ ဖြစ်တယ်လို့ အမည်မဖော်တဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။ မည်သည့်တိုက်ခိုက်မှုကိုမဆို မငဲ့ညှာစတမ်း တန်ပြန်တိုက်ခိုက်သွားမယ်လို့ အမေရိကန် နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လ်တန်က ဆိုပါတယ်။



"အမေရိကန်က USS Abraham Lincoln စစ်သင်္ဘော တိုက်ခိုက်ရေးအုပ်စုနဲ့ ဗုံးကြဲတပ်ဖွဲ့တစ်ဖွဲ့ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ချထားပါတယ်၊ ဒီလိုလုပ်ဆောင်ရတာက အမေရိကန်နဲ့ ၎င်းရဲမဟာမိတ်တွေကို မည်သည့်တိုက်ခိုက်မှုမဆို လုပ်ဆောင်လာပါက အပြင်းအထန် တန်ပြန်တိုက်ခိုက်မှုနဲ့ကြုံရမယ်ဆိုတာ အီရန်အစိုးရကို ရှင်းလင်းပြတ်သားတဲ့ သတင်းစကားပါးလိုက်တာပါပဲ" လို့ ဂျွန်ဘော်လ်တန်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(USS Abraham Lincoln လေယာဉ်တင်စစ်သင်္ဘောပေါ် မြင်ကွင်းတစ်ခု) (Photo: Jiji Press/EPA)

အမေရိကန်အနေနဲ့ အီရန်နဲ့ စစ်မက်ဖြစ်ပွားရန် အကြောင်းရှာနေခြင်း မဟုတ်ကြောင်း၊ သို့သော် အီရန်နိုင်ငံ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Islamic Revolutionary Guard Corps) သို့မဟုတ် ပုံမှန် အီရန်တပ်ဖွဲ့တွေရဲ့ မည်သည့်တိုက်ခိုက်မှုကိုမဆို တုံ့ပြန်သွားရန် အလုံးစုံပြင်ဆင်ထားကြောင်းလည်း ဂျွန်ဘော်လ်တန်က သတိပေးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းသို့ စေလွှတ်ချထားလိုက်တဲ့ USS Abraham Lincoln လေယာဉ်တင်စစ်သင်္ဘောဟာ ဧပြီလကုန်မှစပြီး အမေရိကန်မဟာမိတ်တွေနဲ့ ပူးပေါင်းပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုအတွက် ဥရောပကို ရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်။

(USS Abraham Lincoln လေယာဉ်တင်စစ်သင်္ဘော) (Photo: AFP)

အမေရိကန် လေယာဉ်တင်စစ်သင်္ဘောကို အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့မှာ ဖြန့်ကျက်ထားမှုဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ယခင်ကလည်း ထိုသို့စေလွှတ်ချထားမှုတွေ ရှိခဲ့ဖူးပါတယ်။ သို့သော် ယခုတစ်ကြိမ်မှာမူ အမေရိကန်နဲ့ အီရန်တို့ကြား ဆက်ဆံရေးတင်းမာမှုတွေ မြင့်တက်နေစဉ်အတွင်း စစ်သင်္ဘောစေလွှတ်မှု ဖြစ်လာခဲ့ပါတယ်။

ယမန်နှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၂၀၁၅ ခုနှစ်မှာ အီရန်၊ အမေရိကန်နဲ့ အခြားနိုင်ငံများ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူစာချုပ်ကနေ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: Jabin Botsford/The Washington Post)

အဆိုပါ သဘောတူစာချုပ်အရ အီရန်နိုင်ငံက ၎င်းရဲ့ နျူကလီးယားအစီအစဉ်တွေကို ကန့်သတ်ရန်နဲ့ နိုင်ငံတကာစစ်ဆေးရေးအဖွဲ့ကို လာရောက်စစ်ဆေးခွင့်ပြုရန် သဘောတူညီခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် အီရန်အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးရန်ဖြစ်ပါတယ်။ ထိုသဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်ခဲ့ပြီးနောက် အီရန်နဲ့ ဆက်ဆံရေးတင်းမာမှု မြင့်တက်နေခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က