အီရန်ဟာ အရှေ့အလယ်ပိုင်းမှာ ကပ်ရောဂါကူးစက်မှု အဆိုးဆုံးနေရာ ဖြစ်ပါတယ်။
Ko John

အရှေ့အလယ်ပိုင်းဒေသမှ အီရန်နိုင်ငံမှာ COVID-19 ကြောင့် တစ်ရက်အတွင်း သေဆုံးသူဦးရေ စံချိန်တင် မြင့်တက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်မှုအရ သိရှိရပါတယ်။

(Photo: Reuters)

ယနေ့ (ဇူလိုင် ၂၁ ရက်) ထုတ်ပြန်မှုအရ သေဆုံးသူ ၂၂၉ ဦး တိုးလာခဲ့ပြီး တစ်ရက်အတွင်း သေဆုံးမှုအများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းရဲ့ ကပ်ရောဂါကူးစက်မှု အဆိုးဆုံးနေရာဖြစ်တဲ့ အီရန်မှာ ရက်သတ္တများကြာ ကူးစက်မှုတွေ မြင့်တက်နေခဲ့ပါတယ်။



"ဝမ်းနည်းစရာက ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကြောင့် ကျန်မတို့ နိုင်ငံသူနိုင်ငံသား ၂၂၉ ဦးကို ဆုံးရှုံးခဲ့ရပါတယ်၊ နိုင်ငံမှာ COVID-19 သေဆုံးသူ စုစုပေါင်း ၁၄,၆၃၄ ဦးရှိလာခဲ့ပါတယ်" လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Sima Sadat Lari က ပြောပါတယ်။ အီရန်မှာ ယခင်က တစ်ရက်အတွင်း သေဆုံးမှုအများဆုံး စံချိန်တင်မှုအဖြစ် ဇူလိုင် ၉ ရက်နေ့က ၂၂၁ ဦး သေဆုံးခဲ့ပါတယ်။

(Photo: Anadolu Agency)

အီရန်နိုင်ငံမှာ မေလအတွင်းမှစပြီး နှစ်လကြာ ကူးစက်မှုနဲ့သေဆုံးမှုတွေ လျော့ကျသွားခဲ့ရာမှ လက်ရှိမှာတော့ ကူးစက်မှုနဲ့သေဆုံးမှုများ တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် ရုန်းကန်နေရပါတယ်။ ယနေ့ ထုတ်ပြန်မှုအရ အီရန်မှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၂,၆၂၅ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၂၇၈,၈၂၇ ဦး ရှိလာခဲ့ကြောင်းလည်း သိရပါတယ်။

အီရန်မှာ ပထမဆုံး COVID-19 အတည်ပြုလူနာကို ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း ဘာသာရေးမြို့ဖြစ်တဲ့ Qom မြို့မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကူးစက်မှုနဲ့သေဆုံးမှုတွေ ပြန်မြင့်တက်လာမှုတာကြောင့် အီရန်အာဏာပိုင်တွေက အများပြည်သူဆိုင်ရာ အဆောက်အအုံများအတွင်း စည်းမျဥ်းဥပဒေအရ မဖြစ်မနေ mask တပ်ထားရန်နဲ့ တီဟီရန်အပါအဝင် အဆိုးဆုံးဖြစ်ပွားတဲ့ နေရာဒေသတွေမှာ တင်းကျပ်တဲ့ စီမံဆောင်ရွက်ချက်များ ပြန်လည်သတ်မှတ်စေခဲ့ပါတယ်။

(Photo: Reuters)

အီရန်မှာ မတ်လအတွင်းက ကျောင်းများပိတ်ထားပြီး အခမ်းအနားများ ဖျက်သိမ်းထားကာ ပြည်နယ်များကြား အသွားအလာ ပိတ်ပင်တားမြစ်ထားခဲ့ပါတယ်။ သို့သော် ဧပြီလမှစပြီး ပိတ်ပင်ကန့်သတ်ချက်တွေကို တဖြည်းဖြည်း ရုပ်သိမ်းခဲ့ကာ အရေးယူပိတ်ဆို့မှုများ ချမှတ်ခံထားရတဲ့ စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်နိုင်ရန် အီရန်အစိုးရက ကြိုးပမ်းခဲ့ပါတယ်။

အီရန်မှာ COVID-19 ကူးစက်မှု ဒုတိယလှိုင်းကို တုံ့ပြန်ဆောင်ရွက်နေရပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းနဲ့ လူနာကုတင် မလုံလောက်မှုတွေ ရင်ဆိုင်နေရကြောင်း COVID-19 တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့မှ အကြီးတန်းအရာရှိ Reza Jalili-Khoshnood က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မှတ်ချက်ပြုခဲ့ပါတယ်။

(Photo: AFP)

၎င်းရဲ့ အဆိုပါ မှတ်ချက်က သမ္မတဟာဆန်ရိုဟာနီက အီရန်နိုင်ငံမှာ လုံလောက်တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းနဲ့ ဆေးရုံနေရာများ လုံလောက်မှုရှိကြောင်း ပြောကြားထားခဲ့မှုနဲ့ ဆန့်ကျင်ကွဲလွဲနေကြောင်း CNA သတင်းက ဖော်ပြပါတယ်။ အီရန်သမ္မတရိုဟာနီက နိုင်ငံသား ၂၅ သန်းခန့်ဟာ COVID-19 ကူးစက်ခံရနိုင်ကြောင်း စနေနေ့ (ဇူလိုင် ၁၈ ရက်) မှာ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။ အီရန်ကျန်းမာရေး တာဝန်ရှိသူတွေကတော့ သမ္မတပြောခဲ့တဲ့ အရေအတွက်အထိ ကူးစက်ခံရတာမျိုး မဖြစ်နိုင်ဘူးလို့ ဇူလိုင် ၁၉ ရက်နေ့မှာ ပြန်လည် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။



ဆက်စပ်အကြောင်းအရာများ


Author

  • Ko John

    Editorial Advisor at Duwun


က္က