ဒဏ်ရာရသူအများစုဟာ လူအုပ်စုလဲပြိုမှုကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
Ko John

အီရန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုအတွင်း လူငါးဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြေပါတယ်။

(Photo: AP/Getty Images)

ရစ်ချ်တာစကေး ၅.၉ အဆင့်ရှိ ငလျင်ဟာ ယနေ့ (နိုဝင်ဘာ ၈ ရက်) မနက်အစောပိုင်းက အရှေ့အဇာဘိုင်ဂျန်ပြည်နယ်မှာ လှုပ်ခတ်ခဲ့ကြောင်း အီရန်ငလျင်ဌာနက သတင်းထုတ်ပြန်ပါတယ်။ ငလျင်လှုပ်မှုအတွင်း ဒဏ်ရာရသူအများစုဟာ လူအုပ်စုလဲပြိုမှုကြောင့်ဖြစ်ကြောင်း အစိုးရရုပ်မြင်သံကြားသတင်းက ပြောပါတယ်။

တီဟီရန်မြို့တော်ရဲ့ အနောက်မြောက်ဘက် မိုင် ၂၅၀ ခန့်အကွာရှိ Tark မြို့ငယ်အနီး ဗဟိုပြုပြီး ယနေ့မနက် ဒေသစံတော်ချိန် ၂ နာရီ ၁၇ မိနစ်အချိန်က ငလျင်လှုပ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကြောင့် လူငါးဦး သေဆုံးခဲ့ပြီး ၁၃၂ ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ ဒဏ်ရာရသူ ၁၂ ဦးကို ဆေးရုံတင်ထားရကြောင်း သိရပါတယ်။

(Map: USGS)

"ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရဟတ်ယာဥ်တွေကို ငလျင်ဒဏ်ခံရတဲ့ ဒေသကို စေလွှတ်ထားပြီး ဒဏ်ရာရသူတွေ ကုသပေးဖို့အတွက် ဆေးရုံတွေကို အသင့်ပြင်ဆင်ခိုင်းထားပါတယ်" လို့ အီရန် အရေးပေါ်ဆေးဘက်ဆိုင်ရာဌာနများ အကြီးအကဲ Pirhossein Kolivand က အစိုးရပိုင် ရုပ်မြင်သံကြားသတင်းဌာနကို ပြောခဲ့ပါတယ်။

အစိုးရ ရုပ်မြင်သံကြားသတင်းဌာန IRINN TV ရဲ့ အဆိုအရ ဒဏ်ရာရသူအများစုဟာ ငလျင်လှုပ်စဥ် ၎င်းတို့နေအိမ်များမှ လမ်းမများပေါ်သို့ ကြောက်လန့်တကြား ထွက်ပြေးကြရာမှ လူအုပ်စုများပြားပြီး လဲပြိုကျမှုတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ငလျင်ဗဟိုချက်အနီးရှိ နေအိမ် အလုံး ၃၀ အထိ ပျက်စီးသွားခဲ့ကြောင်းနဲ့ နောက်ဆက်တွဲ ငလျင်များ အကြိမ် ၆၀ ကျော် လှုပ်ခတ်ခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: Tasnim)

ကယ်ဆယ်ရေးသမားတွေက ကျေးရွာ ၄၀ မှာ လုပ်ငန်းများဆောင်ရွက်နေကြောင်း၊ သို့သော် Varnakesh နဲ့ Varzaghan ကျေးရွာနှစ်ရွာမှာ ပျက်စီးမှုအများဆုံး ဖြစ်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Mohammad-Reza Pourmohammadi က ပြောပါတယ်။ အရေးပေါ်ဝန်ထမ်းတွေက ကယ်ဆယ်ရေးပစ္စည်းများ၊ ချက်ပြုတ်စားသောက်ရန် လိုအပ်တဲ့ပစ္စည်းများ၊ ခြုံစောင်များနဲ့ ယာယီတဲများကို စီစဥ်ဖြန့်ဝေပေးနေကြောင်း AFP သတင်းဌာနက ဖော်ပြပါတယ်။ ယနေ့မနက်အစောပိုင်း ငလျင်လှုပ်မှုကို တီဟီရန်မြို့တော်မှာလည်း ခံစားသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံဟာ ကမ္ဘာ့ကျောက်ဖျာချပ်ကြီးနှစ်ခုပေါ်မှာ တည်ရှိနေပြီး ငလျင်လှုပ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၀၃ ခုနှစ်က ရစ်ချ်တာစကေး ၆.၆ အဆင့်ရှိ ငလျင်တစ်ခု နိုင်ငံအရှေ့တောင်ပိုင်း Bam မြို့မှာ လှုပ်ခတ်ခဲ့ရာ လူ ၂၆,၀၀၀ သေဆုံးခဲ့ပြီး အခြား လူ ၃၀,၀၀၀ အထိ ဒဏ်ရာရခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းကလည်း အီရန်-အီရတ် နယ်စပ်ဒေသ နယ်မြေမှာ ရစ်ချ်တာစကေး ၇ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် လူ ၆၀၀ ကျော် သေဆုံးပြီး ၉,၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က