လွှတ်တော်အမတ်ဟာ COVID-19 ကြောင့် ကွယ်လွန်ခဲ့ကြောင်း သတင်းထွက်နေပေမဲ့ အစိုးရက အတည်မပြုပါဘူး။

ယခုရက်ပိုင်းအတွင်း COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေ ရုတ်တရက် မြင့်တက်လာခဲ့တဲ့ အီရန်နိုင်ငံမှာ လွှတ်တော်အမတ်တစ်ဦး တုပ်ကွေးလက္ခဏာများဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။


(အီရန် လွှတ်တော်အမတ် ရာမာဇန်နီ) (Photo: news-tunisia.tunisienumerique.com)

ကွယ်လွန်သွားတဲ့ မိုဟာမက် အလီရာမာဇန်နီ ဒက်စ်တက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကမှ Astana Ashrafieh မဲဆန္ဒနယ် လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ၎င်းဟာ တုပ်ကွေးရောဂါနဲ့ အီရန်-အီရတ် စစ်ပွဲကာလအတွင်း ဓာတုလက်နက် ဒဏ်ရာများကြောင့် ဆေးရုံတက်ခဲ့ရတယ်လို့ အီရန်အစိုးရသတင်းဌာန ISNA က ပြောပါတယ်။



အီရန်သတင်းဝက်ဘ်ဆိုက်တစ်ခုက အစောပိုင်း ဖော်ပြခဲ့မှုအရ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူတွေအနက် လွှတ်တော်အမတ် ငါးဦးပါဝင်ကြောင်း သိရပါတယ်။ သို့သော် အီရန်အစိုးရကတော့ ထိုစဥ်ကတည်းက လွှတ်တော်အမတ်များ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်းသတင်းကို ငြင်းဆိုထားခဲ့ပြီး ယခု ကွယ်လွန်သွားတဲ့ လွှတ်တော်အမတ် ရာမာဇန်နီကိုလည်း စစ်ဆေးခဲ့ရာမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု မရှိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။


(Photo: AFP)

လွှတ်တော်အမတ် ရာမာဇန်နီဟာ ယနေ့ (ဖေဖေါ်ဝါရီ ၂၉ ရက်) မနက်ပိုင်းက မကွယ်လွန်မီ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ရောဂါ ခံစားခဲ့ရကြောင်း အီရန်အာဏာပိုင်တွေက ဆိုပါတယ်။ လွှတ်တော်အမတ် ရာမာဇန်နီ ကွယ်လွန်သွားခြင်းဟာ COVID-19 ရောဂါကြောင့်ဖြစ်နိုင်ကြောင်း သတင်းဖော်ပြမှုတွေရှိနေပေမဲ့ အီရန်အစိုးရက အတည်ပြုခြင်း မရှိပါဘူး။

အစောပိုင်း သတင်းတွေအရ အီရန်မှာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အိုင်ရက်ဂျ်ဟာရီချီနဲ့ အမျိုးသမီးများနဲ့ မိသားစုဆိုင်ရာ ဒုတိယသမ္မတ Masoumeh Ebtekar တို့ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၂၉ ရက်နေ့ ညပိုင်းအထိ အစိုးရက တရားဝင် ထုတ်ပြန်တဲ့စာရင်းအရ အီရန်မှာ COVID-19 ကြောင့် သေဆုံးသူ ၂၄ ဦးနဲ့ ကူးစက်ခံသူ ၅၉၃ ဦးအထိ မြင့်တက်လာပါတယ်။

(ကျန်းမာရေး ဒုဝန်ကြီးနှ့င် အမျိုးသမီးများနဲ့ မိသားစုဆိုင်ရာ ဒုသမ္မတ) (Photo: Anadolu/Getty Images)

ထိုအတောအတွင်း COVID-19 ကြောင့် အီရန်မှာ လူ ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆေးရုံသတင်းရင်းမြစ်တွေထံမှ သိရှိရကြောင်း BBC က သတင်းဖော်ပြခဲ့မှုကို ကောလာဟလများအဖြစ် အီရန်အစိုးရ ပယ်ချခဲ့ပါကြောင်းလည်း သိရပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၂၉ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၂,၈၃၅ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ၂,၉၂၈ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၂၉ ရက် ညပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ၇၉,၂၅၁ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၅,၆၀၁ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကလည်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

Source: The Independent, AFP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က