စစ်ရေးပြချီတက်ပွဲ ကျင်းပရာနေရာအနီးရှိ ပန်းခြံတစ်ခုကနေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံ အနောက်တောင်ပိုင်း အာဟ်ဗက်ဇ်မြို့မှာ ယနေ့ (စက်တင်ဘာ ၂၂ ရက်) ကျင်းပပြုလုပ်တဲ့ စစ်ရေးပြချီတက်ပွဲတစ်ခုကို သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားများ အပါအဝင် လူ ၂၄ ဦး သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အစိုးရပိုင် သတင်းဌာနက ပြောပါတယ်။



Photo: AFP



သတင်းတွေမှာ ဖော်ပြမှုအရ သေနတ်သမားတွေက စစ်တပ်ဝတ်စုံများ ဝတ်ဆင်ထားပြီး စစ်ရေးပြချီတက်ပွဲ ကျင်းပရာနေရာအနီးရှိ ပန်းခြံတစ်ခုကနေ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အီရန်အစိုးရဆန့်ကျင်ရေး အာရပ်အုပ်စု Ahvaz National Resistance က ယခုတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုတိုက်ခိုက်မှုဟာ နိုင်ငံခြားအစိုးရတစ်ရပ်က ငွေကြေးထောက်ပံ့ပေးထားတဲ့ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်ကြောင်း အပြစ်ဖို့ပြောကြားခဲ့ပါတယ်။

၁၉၈၀-၈၈ ခုနှစ် အီရန်-အီရတ် စစ်ပွဲစတင်ဖြစ်ပွားခဲ့ခြင်း အထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနားတွေကို အီရန်နိုင်ငံတစ်ဝှမ်း ကျင်းပပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

Photo: AFP



အာဟ်ဗက်ဇ်မြို့မှာ ယနေ့ စစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ်နေစဉ် ဒေသစံတော်ချိန် မနက် ၉ နာရီမှစပြီး ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုဟာ ၁၀ မိနစ်မျှ ကြာမြင့်ခဲ့ကြောင်းနဲ့ သေနတ်သမားလေးဦး ပါဝင်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

သေနတ်သမားတွေက အရပ်သားတွေကို ပစ်ခတ်ခဲ့ပြီးနောက် အလေးပြုခံစင်မြင့်ပေါ်မှာ ရှိနေတဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေကို တိုက်ခိုက်ရန်ကြိုးပမ်းခဲ့ကြောင်း Fars သတင်းဌာနက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေအနက် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၈ ဦးနဲ့ ဂျာနယ်လစ်တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

Photo: CNN



"သေဆုံးခဲ့သူတွေထဲမှာ စစ်ဘက်အမှုထမ်းမဟုတ်ဘဲ စစ်ရေးပြအခမ်းအနားကို လာရောက်ကြည့်ရှုကြတဲ့ အမျိုးသမီးနဲ့ကလေးတွေ အပါအဝင် အရပ်သားအများအပြား ပါဝင်ခဲ့ပါတယ်" လို့ Irna သတင်းဌာနက ပြောပါတယ်။

စစ်ရေးပြအခမ်းအနားကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ သေနတ်သမားနှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး အခြားနှစ်ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေသဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး Ali Hosein Hoseinzadeh က ဆိုပါတယ်။

Photo: AFP



အီရန်စစ်ရေးပြအခမ်းအနားကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်းနဲ့ ပတ်သက်ပြီး ကွဲလွဲမှုတွေရှိနေကြောင်းလည်း သိရပါတယ်။

Ahvaz National Resistance အုပ်စုက ၎င်းတို့ တိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့ပေမဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မက် ဂျာဗက်ဇာရစ်ဖ်ကတော့ ယခုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သူတွေဟာ နိုင်ငံခြားအစိုးရတစ်ရပ်က ငွေနဲ့လက်နက်ထောက်ပံ့ပေးထားတဲ့ အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က