Navalny ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အစိုးရအဖွဲ့ကို အပြင်းအထန် ဝေဖန်သူတစ်ဦး ဖြစ်ပါတယ်။

အဆိပ်ခတ်ခံခဲ့ရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ဟာ မေ့မြောနေခဲ့ရာမှ သတိပြန်လည်စပြုလာပြီဖြစ်ပြီး အခြေအနေ တိုးတက်လာကြောင်း ၎င်းကို ကုသပေးနေတဲ့ ဆရာဝန်တွေက ပြောပါတယ်။

(Photo: Reuters)

အသက် ၄၄ နှစ်အရွယ် Navalny ဟာ စကားပြောဆိုမှုကို တုံ့ပြန်ကြောင်း သိရပါတယ်။ "သူက စကားပြောဆိုမှုကို တုံ့ပြန်မှုရှိပါတယ်၊ သူ့ရဲ့ ပြင်းထန်တဲ့ အဆိပ်သင့်မှုကြောင့် ကာလရှည်ကြာ သက်ရောက်မှုဖြစ်နိုင်ခြေ အတိုင်းအတာကိုပြောဖို့ အရမ်းစောပါသေးတယ်" လို့ Navalny ကို ဆေးကုသပေးနေတဲ့ Charite ဆေးရုံက ယနေ့ (စက်တင်ဘာ ၇ ရက်) ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အစိုးရအဖွဲ့ကို အပြင်းအထန် ဝေဖန်သူတစ်ဦးဖြစ်တဲ့ Navalny ဟာ ဩဂုတ် ၂၀ ရက်နေ့မှာ ဆိုက်ဘေးရီးယားနယ်မြေ Tomsk မြို့မှ မော်စကိုမြို့သို့ လေယာဥ်စီးလာစဥ်အတွင်း နေမကောင်းဖြစ်လာခဲ့ရာ လေယာဥ်ကို Omsk မြို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ Navalny ကို ထိုမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကိုမာဝင် (သတိမေ့မြော) သွားခဲ့ပါတယ်။

(Photo: EPA)

ထို့နောက် ၎င်းကို ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ လေယာဥ်ဖြင့်ခေါ်ဆောင်လာခဲ့ပြီး ဆေးကုသပေးနေပါတယ်။ Navalny ဟာ သမ္မတပူတင်ရဲ့ အမိန့်အရ အဆိပ်ခတ်ခံခဲ့ကြောင်း ၎င်းရဲ့အဖွဲ့က စွပ်စွဲပြောဆိုခဲ့ပါတယ်။ လေဆိပ်ကော်ဖီဆိုင်တစ်ဆိုင်မှာ Navalny ရဲ့ လက်ဖက်ရည်ထဲသို့ တစ်စုံတစ်ခုထည့်လိုက်တယ်လို့ ၎င်းရဲ့အဖွဲ့က ကနဦးကတည်းက သံသယရှိထားခဲ့ကြပါတယ်။ ရုရှားအစိုးရကတော့ ထိုစွပ်စွဲပြောဆိုမှုတွေကို ပယ်ချထားခဲ့ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့မှာတော့ ဘာလင်မြို့ရှိ Charite ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင်အဖြစ် ထင်ရှားသူ Alexei Navalny ဟာ ၎င်းကိုသတ်ရန် ကြိုးပမ်းမှုတစ်ခုအတွင်း အာရုံကြော ထိခိုက်ပျက်စီးစေတဲ့ Novichok အဆိပ်သင့်ခဲ့တာဖြစ်ကြောင်း ဂျာမနီအဓိပတိ အန်ဂျလာမာကယ်က ထုတ်ဖော်ပြောခဲ့ပါတယ်။

(Photo: Reuters)

Navalny အဆိပ်ခတ်ခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ရုရှားအစိုးရကိုယ်တိုင်း ရှင်းပြလိမ့်မယ်လို့ မျှော်လင့်ပြီး ဂျာမနီက NATO အဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေနဲ့ ယခုကိစ္စအပေါ် မည်သို့တုံ့ပြန်ရန် ဆွေးနွေးတိုင်ပင်မယ်လို့လည်း မာကယ်က ဆိုပါတယ်။ Navalny ရဲ့ သွေးနမူနာကို ဂျာမန်စစ်ဘက်ဓာတ်ခွဲခန်းမှာ အဆိပ်သင့်ပစ္စည်းပါဝင်မှု ဓာတ်ခွဲစစ်ဆေးချက်တွေအရ ရုရှားအတိုက်အခံခေါင်းဆောင်ဟာ Novichok အဆိပ်ခတ်ခံခဲ့ရကြောင်း တိကျတဲ့ သက်သေအထောက်အထား တွေ့ရှိခဲ့ရတယ်လို့ ဂျာမနီအစိုးရ ပြောခွင့်ရအမျိုးသား Steffen Seibert က အီးမေးလ်ဖြင့် ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောထားပါတယ်။

Novichok အာရုံကြောအဆိပ်

အာရုံကြော ထိခိုက်ပျက်စီးစေတဲ့ Novichok အဆိပ်ကို ၁၉၇၀ ပြည့်လွန်နဲ့ ၁၉၈၀ ပြည့်လွန် နှစ်များအတွင်း ဆိုဗီယက်ပြည်ထောင်စုနဲ့ ရုရှားတို့က ထုတ်လုပ်ခဲ့ကြပါတယ်။ Novichok ဟာ အခြား အာရုံကြောအဆိပ်များကဲ့သို့ပင် တူညီတဲ့ သက်ရောက်များရှိပြီး အာရုံကြောများမှ ကြွက်သားများထံ ဆက်သွယ်မှုကို ဟန့်တားပြီး ခန္ဓာကိုယ်လုပ်ဆောင်မှု အများအပြား ပျက်ယွင်းမှုဖြစ်စေပါတယ်။

Novichok အဆိပ်ကို အရည်နဲ့ အစိုင်အခဲ ပုံစံနှစ်မျိုးလုံးတွေ့နိုင်ရာ ထိုအဆိပ်ဟာ အလွန်သေးငယ်တဲ့ အမှုန့်လေးများအဖြစ် ပြန့်ကျဲနေနိုင်ကြောင်း သိရပါတယ်။ Novichok ကို အခြား ဓာတုလက်နက်တွေထက် ပိုမိုအဆိပ်သင့်မှုဖြစ်စေရန် ဖန်တီးထုတ်လုပ်ထားရာ အချို့ အမျိုးအစားတွေဟာ ထိခိုက်မှုမြန်ဆန်ပြီး စက္ကန့် ၃၀ မှ ၂ မိနစ်အတွင်း အဆိပ်သင့်နိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က