သူနာပြုတွေနဲ့ ဆေးရုံဝန်ထမ်းတွေက ပြစုစောင့်ရှောက်ထားကြပါတယ်။
Ko John

အီတလီနိုင်ငံ တူရင်မြို့ရှိ ဆေးရုံတစ်ရုံမှာ နေရောင် တိုက်ရိုက်ထိတွေ့လို့မရဘဲ ရှားပါးတဲ့ အရေပြားအခြေအနေနဲ့ မွေးဖွားခဲ့တဲ့ ကလေးငယ်တစ်ဦးကို စွန့်ပစ်ထားခဲ့ပါတယ်။

(Photo: Getty Images)

ယခုအခါ အသက်လေးလရှိပြီဖြစ်ပြီး ဂျီယိုဗန်နီနိုလို့ အမည်ပေးထားတဲ့ အဆိုပါ ယောက်ျားလေး ကလေးငယ်ဟာ မျိုးရိုးဗီဇဆိုင်ရာချို့ယွင်းမှုကြောင့် အရေပြား ပုံမှန်မဟုတ်ဘဲ ထူထဲခြောက်သွေ့ အက်ကွဲနေတဲ့ harlequin ichthyosis ခေါ် အခြေအနေဖြင့် မွေးဖွားလာခဲ့တာ ဖြစ်ပါတယ်။ ထိုကဲ့သို့ အရေပြားပုံမှန်မဟုတ်တဲ့ ကလေးငယ်တွေကို နေရောင်တိုက်ရိုက်ထိတွေ့မှု မရှိစေရန် ဂရုစိုက်ရပြီး အထူးကြပ်မတ်ကုသမှု လိုအပ်တယ်လို့ ဆိုပါတယ်။

သူနာပြုတွေက ဂျီယိုလေးကို ပြီးခဲ့တဲ့ ဩဂုတ်လမှာ မွေးဖွားခဲ့စဥ်ကတည်းက ပြုစုစောင့်ရှောက်လာခဲ့ကြပြီး ယခုအခါမှာတော့ ရက်သတ္တပတ်အတွင်း ဆေးရုံမှဆင်းရန် လိုအပ်လာဖွယ်ရှိပြီး ကလေးအတွက် နေစရာအိမ်မရှိ ဖြစ်နေပါတယ်။ ဂျီယိုရဲ့ မိဘတွေကို မည်သည့်အတွက် ဆက်သွယ်လို့မရနိုင်ဖြစ်နေခဲ့ကြောင်း သို့မဟုတ် ၎င်းတို့က ဂျီယိုကို မည်သည့်အတွက် ပြန်လာမခေါ်ကြကြောင်းကိုတော့ အတိအကျ မသိရကြောင်း BBC သတင်းက ဖော်ပြပါတယ်။

(Photo: Mole24)

"ဘာကြောင့်လဲတော့ မသိပါဘူး၊ သေချာတာကတော့ ဒီကလေးဟာ စွန့်ပစ်ခံခဲ့ရတာပါပဲ" လို့ ဂျီယိုကို ပြုစုစောင့်ရှောက်နေတဲ့ Sant'Anna ဆေးရုံမှ သူနာပြုတွေအနက် တစ်ဦးကပြောကြောင်း အီတလီသတင်းစာ La Stampa က ဖော်ပြပါတယ်။ သူနာပြုတွေ မအားလပ်ချိန်မှာတော့ ဆေးရုံဝန်ထမ်းတွေက ဂျီယိုကို ဆေးရုံကော်ရစ်ဒါတစ်ဝိုက် တစ်လှည့်ထိန်းပေးကြပါတယ်လို့ ဆိုပါတယ်။ မကြခင်မှာ ဂျီယိုလေးအတွက် ကိုယ်ပိုင်အခန်းလေးရလိမ့်မယ်လို့လည်း သူနာပြုတွေနဲ့ ဆေးရုံဝန်ထမ်းတွေက မျှော်လင့်နေကြပါတယ်။

အီတလီမီဒီယာတွေက ကလေးငယ်ရဲ့အဖြစ်ကို သိရှိထားကြပြီး မိဘတွေကို ဆက်သွယ်နိုင်ရန် ကြိုးပမ်းခဲ့ကြတယ်လို့ သိရပါတယ်။ ထို့အတူ ဂျီယိုအတွက် ယာယီနေအိမ်တစ်လုံး စီစဥ်ပေးနိုင်ရန်လည်း ကြိုးပမ်းနေကြပါတယ်။ သို့သော် ကလေးငယ်ရဲ့ အခြေအနေဟာ အထူးဂရုစိုက်ရရန် လိုအပ်နေကြောင်း La Stampa က ပြောပါတယ်။

(Photo: Getty Images)

လက်ရှိမှာ ဂျီယိုကို ဆေးရုံရှိ မွေးကင်းစ ကလေးငယ်များ အထူးကြပ်မတ်ကုသဆောင်မှာ ထားရှိပါတယ်။ ဂျီယိုရဲ့ ကျန်းမာရေးအခြေအနေကြောင့် အရေပြား ခြောက်သွေ့အက်ကွဲလာခြင်း မရှိစေရန် ဂရုစိုက်ပြုစုပေးနေရပါတယ်။ ၎င်းကို နေရောင် တိုက်ရိုက်မထိတွေ့ရန် ဂရုစိုက်ထားရှိရပြီး အရေပြားအစိုဓာတ်ရှိရန် နေ့စဥ် အကြိမ်အချို့ သတ်မှတ်လုပ်ဆောင်ပေးရကြောင်းလည်း သိရပါတယ်။

"ကလေးက မျက်နှာချိုပြီး ချစ်စရာလေးပါ၊ သူက ဆေးရုံ လူနာဆောင်ကို လှည့်ပတ်ကြည့်ရတာလည်း ကြိုက်တယ်၊ သီချင်းနားထောင်ရရင်လည် သူပျော်နေတတ်တယ်" လို့ မွေးကင်းစဆောင်မှ အကြီးအကဲ ဒန်နီလီ ဖာရီနာက La Repubblica သတင်းစာကို ပြောပါတယ်။ ဗုဓ္ဒဟူးနေ့ (နိုဝင်ဘာ ၆ ရက်) က ဂျီယိုလေးအကြောင်း သတင်းစာတွေမှာ ဖော်ပြလာခဲ့ကြပြီး နာရီပိုင်းအတွင်းမှာပင် လူတွေက Sant'Anna ဆေးရုံကို ဆက်သွယ်လာကြပြီး မွေးစားလိုကြောင်း ပြောခဲ့ကြပါတယ်။

(ဂျီယိုကဲ့သို့ စွန့်ပစ်ခံရပြီး ဗြိတိန်မှာမွေးစားခံရသည့် Mui Thomas) (Photo: Edwin Lee/Barcroft Media)

တူရင်မြို့မှ အာဏာပိုင်တွေက ဂျီယိုကိုမွေးစားလိုကြောင်း ကမ်းလှမ်းလာမှုအားလုံးကို စိစစ်သုံးသပ်နေပြီး အထူးဂရုစိုက် မွေးစားနိုင်ခြေရှိသူကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။ မျိုးရိုဗီဇဆိုင်ရာချို့ယွင်းမှုကြောင့် ဂျီယိုလေးမှာ ဖြစ်ပွားနေတဲ့ harlequin ichthyosis ခေါ် အရေပြားပုံမှန်မဟုတ်မှု အခြေအနေဟာ လူဦးရေတစ်သန်းမှာ တစ်ဦးသာဖြစ်နိုင်ကြောင်း သိရပါတယ်။ ထိုအခြေအနေမှာ မွေးကတည်းက ပါရှိလာပြီး အရေပြား ထူထပ်ခြောက်သွေ့ကာ အက်ကွဲမှုတွေ ဖြစ်လေ့ရှိပါတယ်။

ဒါ့အပြင် အလွန်ရှားပါးတဲ့ အရေပြားပုံမှန်မဟုတ်ခြင်းက မျက်နှာကို ပုံပျက်ပန်းပျက်စေနိုင်ပြီး ခြေလက်လှုပ်ရှားမှု အဆင်မပြေခြင်း၊ အသက်ရှူခြင်းနဲ့ စားသောက်ခြင်းမှာလည်း အခက်အခဲရှိခြင်းတို့ ဖြစ်နိုင်ကြောင်း၊ ထိုသို့သော အခြေအနေဖြစ်နေသူတွေဟာ အထူးကြပ်မတ်ကုသရန်လိုအပ်ကြောင်း အမေရိကန်အခြေစိုက် National Organization for Rare Disorders (NORD) အဖွဲ့အစည်းက ပြောထားပါတယ်။

Source: RareDiseases.org, FoxNews, BBC


ဆက်စပ်အကြောင်းအရာများ


က္က