ကျွန်းကနေ သဲဖြူများ ဖယ်ရှားယူဆောင်မှုအား တင်းကျပ်စွာ တားမြစ်ထားပါတယ်။

အီတလီနိုင်ငံ ဆာဒီနီယန်ကျွန်းမှ သဲဖြူ အလေးချိန် ပေါင် ၉၀ ကို ကားထဲမှာ ထည့်သွင်းသယ်ဆောင်လာခဲ့တဲ့ ပြင်သစ်ကမ္ဘာလှည့်ခရီးသည် စုံတွဲတစ်တွဲ ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့နှစ်ဦးဟာ ထောင်ဒဏ်ခြောက်နှစ်အထိ ကျခံရနိုင်တယ်လို့ ဆိုပါတယ်။

(ကမ်းခြေမှ သဲ၊ ကျောက်စရစ်ခဲနှင့် ခရုခွံများ) (Photo: Sardegna Rubata E Depredata)

အဆိုပါ စုံတွဲကတော့ ဆာဒီနီယန်ကျွန်း (Sardinian Island) မှ သဲဖြူတွေကို အမှတ်တရပစ္စည်းများအဖြစ်သာ အိမ်သို့ယူဆောင်သွားခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်ရာရောက်ကြောင်း မသိခဲ့ကြဘူးလို့ ပြောပါတယ်။ ဆာဒီနီယန်ကျွန်းရဲ့ ကျော်ကြားတဲ့ သဲဖြူကို ပြည်သူပိုင်ပစ္စည်းအဖြစ် သတ်မှတ်ထားပြီး ကျွန်းကနေ ဖယ်ရှားယူဆောင်မှုအား တင်းကျပ်စွာ တားမြစ်ပိတ်ပင်ထားပါတယ်။



ဒေသခံတွေကလည်း သဲဖြူအပါအဝင် သဘာဝအမွေအနှစ်တွေကို ခိုးယူမှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားခဲ့ကြတာ နှစ်အတန်ကြာပြီ ဖြစ်ပါတယ်။ ပြင်သစ်စုံတွဲဟာ ပြည်သူပိုင် အမွေအနစ်တစ်ခုကို ခိုးယူပိုင်ဆိုင်မှုအရ ပြစ်မှုမြောက်ပြီး ထောင်ဒဏ်တစ်နှစ်နဲ့ ခြောက်နှစ်ကြား ကျခံရမယ့်အရေး ရင်ဆိုင်နေရပါတယ်။

(ဆာဒီနီယန်ကျွန်း ကမ်းခြေတစ်ခု) (Photo: Getty Images)

၂၀၁၇ ခုနှစ် ဥပဒေအရ သဲဖြူများ၊ ကျောက်စရစ်ခဲများနဲ့ ခရုခွံတွေ ကုန်သွယ်မှုဟာ ဥပဒေချိုးဖောက်မှုဖြစ်ပြီး ပုံမှန်အားဖြင့် ထောင်ဒဏ်နဲ့ ငွေဒဏ် အမေရိကန်ဒေါ်လာ ၃,၃၃၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က ပြစ်သစ်စုံတွဲရဲ့ SUV ကားထဲမှာ သဲဖြူများ ထည့်သွင်းသယ်ဆောင်လာတဲ့ ပလတ်စတစ်ပုလင်း ၁၄ လုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ သဲဖြူတွေကို ဆာဒီနီယန်ကျွန်း တောင်ပိုင်းရှိ Chia ကျေးရွာကမ်းခြေမှ ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

သဲဖြူတွေ ယူဆောင်လာခဲ့ကြတဲ့ စုံတွဲဟာ မြေထဲပင်လယ်အတွင်း ဆာဒီနီယန်ကျွန်းပေါ်ရှိ ပေါ်တိုတောရက်စ် ဆိပ်ကမ်းမှ ပြင်သစ်နိုင်ငံ Toulon မြို့သို့ ဦးတည်ထွက်ခွာမယ့် ကူးတို့သင်္ဘောမှာ လိုက်ပါကြရန် စီစဉ်ထားခဲ့ကြောင်း သတင်းတွေက ပြောပါတယ်။

(Map: Google)

၁၉၉၄ ခုနှစ်မှာ အီတလီအာဏာပိုင်တွေက ဘတ်ဒ်ဒဲလီကျွန်းပေါ်ရှိ ကျော်ကြားတဲ့ ပန်းရောင်ကမ်းခြေမှ ဆာဒီနီယန်ကျွန်း အရှေ့မြောက်ဘက်အထိ နေရာတွေကို အနာဂတ်အတွက် စိုးရိမ်မှုတွေကြောင့် ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ဆာဒင်နီယန်ကျွန်းရဲ့ အဖိုးတန် သဲဖြူပမာဏ နှစ်စဉ် တန်ချိန်နဲ့ချီ ပျောက်ဆုံးသွားမှုကို အာဏာပိုင်တွေက စိုးရိမ်ခဲ့ကြပါတယ်။

(ဆာဒီနီယန်ကျွန်း ကမ်းခြေတစ်ခု) (Photo: Corriere.it)

"သဲသောင်ပြင်တွေနဲ့ ကမ်းခြေတွေက ဆာဒီနီယန်ကျွန်းရဲ့ အဓိက ဆွဲဆောင်မှုတွေပါ၊ ဒါတွေကို ခြိမ်းခြောက်မှုနှစ်ခု ရှိနေပါတယ်၊ တစ်ခုက ကမ်းခြေနေရာ ဆုတ်ယုတ်လျော့နည်းလာမှုပါ၊ ဒီလိုဖြစ်တာက သဘာဝအလျောက်နဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းခြေနေရာ လျော့နည်းသွားတာပေါ့၊ နောက်တစ်ခုကတော့ ဒီကျွန်းကို လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေက သဲတွေခိုးယူနေကြတာပါ" လို့ ဆာဒီနီယန်ကျွန်းမြို့တော် ကက်ဂလီယာရီမြို့မှ ဒေသခံတစ်ဦးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင် Pierluigi Cocco က BBC သတင်းဌာနကို ပြောပါတယ်။

(ဆာဒီနီယန်ကျွန်း ကမ်းခြေတစ်ခု) (Photo: Alamy)

"ဆာဒီနီယန်ကို လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေက တစ်ယောက်ကို သဲဖြူပမာဏ ၈၈ ပေါင်လောက်အထိ တူးယူနေတာနဲ့ သူတို့အချိန်တွေကုန်နေကြတာပါ၊ ဒါကို လျှော့ပေါ့တွက်ဆကြည့်မယ်ဆိုရင်တောင် နှစ်အနည်းငယ်အတွင်း ကမ်းခြေနေရာတွေ သိသာစွာ လျော့ကျသွားမှုကို ဖြစ်စေနိုင်ပါတယ်" လို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ အီတလီအချို့ အပါအဝင်နဲ့ အဓိကအားဖြင့် ဥရောပမှဖြစ်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေက ဆာဒီနီယန်ကျွန်းမှ သဲတွေကို ပုလင်းထဲထည့်ပြီး အွန်လိုင်းဝက်ဘ်ဆိုက်တွေမှာ လေလံတင်ရောင်းချ‌မှုတွေရှိတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က