အကျဥ်းထောင်များမှာလည်း ထောင်ဝင်စာတွေ့ ဧည့်လာရောက်မှုတွေ ရပ်ဆိုင်းထားပါတယ်။
Ko John

အီတလီမှာ COVID-19 ဗိုင်းရပ်စ်နဲ့ ဆက်နွယ်နေတဲ့ အကျဥ်းထောင် ဆူပူအုံကြွမှုများဖြစ်ပွားပြီး သုံးရက်အတွင်း လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက မတ်လ ၁၀ ရက် နှောင်းပိုင်းမှာ တရားဝင် ထုတ်ပြန်ပါတယ်။

(Photo: Piero Cruciatti/AFP)

အကျဥ်းသားများက အကျဥ်းထောင် ဆေးဝါးသိုလှောင်ခန်းများအတွင်းကို ချိုးဖျက်ဝင်ရောက်ခဲ့ပြီးနောက် ဆေးလွန်မှုတွေကြောင့် သေဆုံးမှုတွေဖြစ်ခဲ့တယ်လို့ အီတလီ တရားစီရင်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တရားစီရင်ရေးဝန်ကြီးဌာနရဲ့ အဆိုပါ ပြောကြားချက်ကို လွတ်လပ်တဲ့ သတင်းရင်းမြစ်များမှတစ်ဆင့် လတ်တလော အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ AFP သတင်းက ဖော်ပြပါတယ်။

အီတလီမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုတွေ သိသာစွာ မြင့်တက်လာပြီး သီတင်းနှစ်ပတ်ကျော်အတွင်း လူ ၆၃၁ ဦး သေဆုံးခဲပါတယ်။ မတ်လ ၁၀ ရက် ညပိုင်းအထိ စာရင်းတွေအရ အီတလီမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀,၁၄၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးအတွက် အီတလီအစိုးရက တစ်နိုင်ငံလုံးမှာ အသွားအလာ ပိတ်ပင်ကန့်သတ်ထားခဲ့ပါတယ်။

(Photo: Flavio Lo Scalzo/Reuters)

ထို့အတူ အကျဥ်းထောင်များမှာလည်း ထောင်ဝင်စာတွေ့ ဧည့်လာရောက်မှုတွေ ရပ်ဆိုင်းထားရန် ညွှန်ကြားချက်ထုတ်ထားပါတယ်။ ကျန်းမာရေးအကျပ်အတည်း ကြုံတွေ့နေရမှုကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အကျဥ်းသားအချို့က တောင်းဆိုမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

အကျဥ်းထောင်အားလုံးမှာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အကျဥ်းသားတွေက တောင်းဆိုမှုများ ရှိခဲ့ကြောင်း၊ သို့သော် အကျဥ်းထောင် ၂၃ ခုအနက် တစ်ခုမှာ တနင်္ဂနွေနေ့ (မတ်လ ၈ ရက်) မှစပြီး ဆူပူအုံကြွမှုများ ပေါ်ပေါက်ခဲ့ပြီး အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း တရားစီရင်ရေးဝန်ကြီးဌာနက ပြောပါတယ်။

(Photo: AFP)

လက်ရှိမှာ ထရာပန်နီမြို့ရှိ Sicily အကျဥ်းထောင်မှာ အကျဥ်းသားအများအပြားက ခေါင်းမိုးပေါ်သို့ တက်ရောက်ခဲ့ကြပြီး ၎င်းတို့ကို ဗိုင်းရပ်စ်စစ်ဆေးမှု ချက်ချင်းလုပ်ဆောင်းပေးရန် တောင်းဆိုနေမှုသာ ဆက်လက် ဖြစ်ပွားနေကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဆူပူအုံကြွမှုတွေအနက် ရောမမြို့ အရှေ့မြောက်ဘက် ၄၃ မိုင်အကွာရှိ Rieti အကျဥ်းထောင်မှာ မတ်လ ၁၀ ရက်နေ့က လူသုံးဦး သေဆုံးခဲ့ပါတယ်။

ကနဦး စစ်ဆေးတွေ့ရှိချက်တွေအရ သေဆုံးမှုတွေဟာ ဆေးဝါးများ မဆင်မခြင် သုံးစွဲမှုကြောင့်လို့ ယူဆထားကြောင်း တရားစီရင်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဘိုလော့ဂ်နာမြို့ မြောက်ဘက်ရှိ Modena အကျဥ်းထောင်မှာလည်း မတ်လ ၁၀ ရက်နေ့က လူနှစ်ဦး သေဆုံးခဲ့ပြီး ဆေးလွန်မှုကြောင့်ဖြစ်ကြောင်း သံသယရှိတယ်လို့ ဆိုပါတယ်။ Modena အကျဥ်းထောင် သုံးရက်အတွင်း စုစုပေါင်း လူကိုးဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

(Photo: Riproduzione Riservata)

အီတလီတောင်ပိုင်းရှိ Melfi မှာ ဆူပူအုံကြွသူတွေက ဓားစာခံများအဖြစ် ဖမ်းဆီးခဲ့တဲ့ လုံခြုံရေးဝန်ထမ်း လေးဦးနဲ့ ကျန်းမာရေးအရာရှိ တစ်ဦးတို့ ပြန်လွတ်လာကြောင်း တရားစီရင်ရေးဝန်ကြီးဌာနက ပြောပါတယ်။ သို့သော် အီတလီ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းအနီးရှိ Foggia အကျဥ်းထောင် ဆူပူအုံကြွမှုအတွင်း လွတ်မြောက်သွားတဲ့ အကျဥ်းသား ၂၂ ဦး ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်း တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုတွေဟာ တရုတ်ပြည်မကြီးမှာ လျော့ကျလာခဲ့ပေမဲ့ အီတလီ၊ အီရန်၊ တောင်ကိုရီးယား၊ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်၊ ဂျပန်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ နော်ဝေ အစရှိတဲ့ နိုင်ငံတွေမှာ သိသာစွာ မြင့်တက်လာခဲ့ပါတယ်။ အီတလီဟာ တရုတ်ပြည်မကြီးပြီးလျှင် ဗိုင်းရပ်စ်ကူးစက်ခံရသူနဲ့ သေဆုံးသူ အများဆုံးနိုင်ငံလည်း ဖြစ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က