loading...

loading...

loading...

ဧပြီ ၃ ရက်နေ့အထိ သက်ဆိုင်ရာ နေရာဒေသများကို အဝင်အထွက် ပိတ်ပင်ထားမှာဖြစ်ပါတယ်။
Ko John

COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်လက်မြင့်တက်နေတဲ့ အီတလီမှာ သတ်မှတ်နေရာဒေသများ အဝင်အထွက် ပိတ်ပင်မှု ယနေ့ (မတ်လ ၈ ရက်) အစောပိုင်းက စတင်လိုက်ပြီး လူဦးရေ ၁၆ သန်းအထိကို သက်ရောက်မှုရှိကြောင်း သိရပါတယ်။

(Photo: Alex Fraser/Reuters)

အီတလီမြောက်ပိုင်းဒေသတွေကို အဝင်အထွက် အဓိက ပိတ်ပင်ထားလိုက်တယ်လို့ ဆိုပါတယ်။ အီတလီမြောက်ပိုင်းရှိ Lombardy ဒေသမှာ နေထိုင်သူအားလုံးနဲ့ အခြား အလယ်ပိုင်းနဲ့ မြောက်ပိုင်းရှိ နေရာဒေသ ၁၄ ခုမှာ နေထိုင်သူတွေဟာ ခရီးသွားရန်အတွက် အာဏာပိုင်များထံမှ အထူးခွင့်ပြုချက် လိုအပ်မှာဖြစ်ပါတယ်။

ယခုကဲ့သို့ အဝင်အထွက် ပိတ်ပင်ပြီး သီးသန့်ခွဲထားမှုမှာ မီလန်နဲ့ ဗင်းနစ်မြို့တို့လည်း ပါဝင်ပါတယ်။ အီတလီဝန်ကြီးချုပ် Giuseppe Conte က ကျောင်းများ၊ ကိုယ်ယာယလေ့ကျင့်ရုံများ၊ ပြတိုက်များ၊ နိုက်ကလပ်များနဲ့ နိုင်ငံတစ်ဝှမ်းရှိ အခြား နေရာတွေကို ပိတ်ပင်ကြောင်းလည်း ကြေညာခဲ့ပါတယ်။

(Photo: Reuters)

အီတလီမှာ ဗိုင်းရပ်စ်တိုက်ဖျက်ရေး အပြင်းအထန် စီမံဆောင်ရွက်မှုတွေအဖြစ် ယခုပိတ်ပင်မှုများဟာ ဧပြီ ၃ ရက်နေ့အထိ ကြာမြင့်မယ်လို့ သိရပါတယ်။ အီတလီဟာ ဥရောပမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အများဆုံးတွေ့ရှိထားတဲ့ နိုင်ငံဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုဟာလည်း တရုတ်ပြည်မကြီးပြီးလျှင် အများဆုံးဖြစ်နေပါတယ်။

မတ်လ ၈ ရက် မွန်းလွဲပိုင်းအထိ စာရင်းတွေအရ အီတလီမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅,၈၈၃ ဦးရှိပြီး သေဆုံးသူ ၂၃၃ ဦးအထိ မြင့်တက်လာပါတယ်။ အီတလီကဲ့သို့ပင် ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေတဲ့ နိုင်ငံများကတော့ မတ်လ ၈ ရက် မွန်းလွဲပိုင်းအထိ တောင်ကိုရီးယားမှာ ကူးစက်ခံရသူ ၇,၃၁၃ ဦးနဲ့ သေဆုံးသူ ၅၀ ဦး၊ အီရန်မှာ ကူးစက်ခံရသူ ၄,၇၄၇ ဦးနဲ့ သေဆုံးသူ ၁၄၅ ဦး၊ ပြင်သစ်မှာ ကူးစက်ခံရသူ ၉၄၉ ဦးနဲ့ သေဆုံးသူ ၁၆ ဦး၊ အမေရိကန်မှာ ကူးစက်ခံရသူ ၂၁၃ ဦးနဲ့ သေဆုံးသူ ၁၉ ဦး ဖြစ်ပါတယ်။

(Photo: Reuters)

COVID-19 ဗိုင်းရပ်စ် စတင်တွေ့ရှိရာ တရုတ်ပြည်မကြီးမှာ ကူးစက်မှုလျော့ကျသွားပေမဲ့ တရုတ်ပြင်ပ နိုင်ငံတွေမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်လာခဲ့ပါတယ်။ တရုတ်ပြည်မကြီးမှာ မတ်လ ၈ ရက် မွန်းလွဲပိုင်းအထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀,၆၉၅ ဦး စစ်ဆေးအတည်ပြုထားပြီး ၎င်းတို့အနက် ၃,၀၉၇ ဦး သေဆုံးခဲ့ပါတယ်။

မတ်လ ၈ ရက် မွန်းလွဲပိုင်းအထိ တရားဝင် စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၄,၃၉၃ ဦးအထိနဲ့ သေဆုံးသူ ၃,၅၉၉ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဖေဖေါ်ဝါရီ ၂၈ ရက်မှာ တိုးမြှင့်သတ်မှတ်ထားပါတယ်။

Source: AFP, BBC


ဆက်စပ်အကြောင်းအရာများ


loading...

က္က