လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံများအနက် တစ်ရက်အတွင်း သေဆုံးမှုအများဆုံးလည်း ဖြစ်လာပါတယ်။

အီတလီမှာ မတ်လ ၁၈ ရက်နေ့က COVID-19 ဗိုင်းရပ်စ်ကြောင့် နောက်ထပ် သေဆုံးသူ ၄၇၅ ဦးရှိခဲ့ပြီး ယမန်နှစ် နှစ်ကုန်ပိုင်း တရုတ်မှာ ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့စဥ်ကတည်းက လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံများအနက် တစ်ရက်အတွင်း သေဆုံးမှုအများဆုံးလည်း ဖြစ်လာပါတယ်။


(Photo: Reuters)

ယနေ့ (မတ်လ ၁၉ ရက်) မနက်အစောပိုင်းအထိ အီတလီမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၅,၇၁၃ ဦးနဲ့ သေဆုံးသူ ၂,၉၇၈ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ အီတလီမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုဟာ တရုတ်ပြည်မကြီးပြင်ပမှာ သေဆုံးမှုအားလုံးရဲ့ ထက်ဝက်ကျော်ဖြစ်ပါတယ်။ ယခင်က အီတလီမှာ တစ်ရက်အတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံးအဖြစ် တနင်္ဂနွေနေ့ (မတ်လ ၁၅ ရက်) က ၃၆၈ ဦး သေဆုံးခဲ့ပါတယ်။



လူဦးရေ သန်း ၆၀ ရှိတဲ့ အီတလီမှာ COVID-19 ကြောင့် သေဆုံးမှုဟာ ကမ္ဘာတစ်ဝှမ်း သေဆုံးမှုတွေရဲ့ ၃၄.၂ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။ မတ်လ ၁၉ ရက် မနက်အစောပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၈,၇၆၃ ဦးနဲ့ သေဆုံးသူ ၈,၇၄၄ ဦးအထိ မြင့်တက်ခဲ့ပါတယ်။


(Photo: Reuters)


လက်ရှိအချိန်အထိ ဗိုင်းရပ်စ်စတင်တွေ့ရှိရာ တရုတ်ပြည်မကြီးမှာ ၃,၂၃၇ ဦး သေဆုံးခဲ့ပါတယ်။ အီတလီမှာ တစ်နိုင်ငံလုံးကို အသွားအလာများ ပိတ်ပင်ကန့်သတ်ခဲ့တာ ဒုတိယပတ်အတွင်း ရောက်ရှိလာပြီဖြစ်ပေမဲ့ ဗိုင်းရပ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ တစ်ဟုန်ထိုး မြင့်တက်နေဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေကတော့ အီတလီနိုင်ငံသားတွေကို ယုံကြည်မှုရှိရန်နဲ့ အားတင်းထားကြရန် တိုက်တွန်းခဲ့ပါတယ်။

"အရေးအကြီးဆုံးက အရှုံးမပေးဖို့ပါပဲ၊ ဗိုင်းရပ်စ်ထိန်းချုပ်ရေး စီမံဆောင်ရွက်မှုတွေရဲ့ အကျိုးရှိမှုကို တွေ့ရဖို့က ရက်အနည်းငယ် ကြာပါလိမ့်မယ်" လို့ Italian National Institute of Health အကြီးအကဲ Silvio Brusaferro က ပြောပါတယ်။ အီတလီမှာ မတ်လ ၁၂ ရက်နေ့က စတင်သက်ရောက်ခဲ့တဲ့ အသွားအလာ ပိတ်ပတ်ကန့်သတ်မှုအရ မတ်လ ၂၅ ရက်နေ့အထိ စီးပွားရေးလုပ်ငန်းအများစုကို ပိတ်ထားပြီး အများပြည်သူ စုဝေးမှုကိုလည်း တားမြစ်ထားပါတယ်။

(Photo: EPA)


သို့သော် ကျောင်းများပိတ်ထားမှုနဲ့ အားကစားပွဲတွေမှာ ပရိသတ်ကြည်ရှုခွင့် ပိတ်ပင်မှုကဲ့သို့ ဗိုင်းရပ်စ်ထိန်းချုပ်ရေး အခြား စီမံဆောင်ရွက်ချက်တွေကတော့ ဧပြီ ၃ ရက်နေ့အထိဖြစ်ကြောင်း သိရပါတယ်။ အီတလီမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေအနက် သုံးပုံနှစ်ပုံဖြစ်တဲ့ ၁,၉၅၉ ဦးဟာ မီလန်မြို့ပတ်ဝန်းကျင် မြောက်ပိုင်း Lombardy နယ်မြေမှာဖြစ်ပါတယ်။ ဘိုလော့ဂ်နာမြို့ရဲ့ Emilia-Romagna နယ်မြေမှာ ၄၅၈ ဦးနဲ့ တူရင်မြို့ရဲ့ Piedmont နယ်မြေမှာ ၁၅၄ ဦး သေဆုံးခဲ့ပါတယ်။ ရောမြို့ရဲ့ လာဇီယိုနယ်မြေမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၂၄ ဦးရှိပြီး ၃၂ ဦး သေဆုံးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က