မြောက်ပိုင်း Lombardy နယ်မြေမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ အများဆုံးဖြစ်ပွားနေပါတယ်။

အီတလီနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံ အပါအဝင် အခြား နိုင်ငံများအားလုံးထက် ပိုမိုများပြားလာခဲ့ကြောင်း သိရပါတယ်။

(Photo: IPA/Back Grid)

အီတလီမှာ မတ်လ ၁၉ ရက်နေ့က COVID-19 ကြောင့် နောက်ထပ် ၄၂၇ ဦး သေဆုံးခဲ့ပြီးနောက် လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက် ၃,၄၀၅ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ထိုအရေအတွက်ဟာ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူ ၃,၂၄၅ ဦးထက် ရာနဲ့ချီ ပိုများသွားခဲ့တာလည်း ဖြစ်ပါတယ်။



လူဦးရေ သန်း ၆၀ ရှိတဲ့ အီတလီမှာ မတ်လ ၁၂ ရက်နေ့ကတည်းက တစ်နိုင်ငံလုံးကို အသွားအလာ ပိတ်ပင်ကန့်သတ်ထားခဲ့ပေမဲ့ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ ဆက်လက် မြင့်တက်နေခဲ့ပါတယ်။ ပိတ်ပင်ကန့်သတ်မှုတွေ အကျုံးဝင် သက်ရောက်တဲ့ကာလကိုလည်း မူလက မတ်လ ၂၅ ရက်နေ့အထိ သတ်မှတ်ထားခဲ့ပေမဲ့ ယခုအခါ အီတလီအာဏာပိုင်တွေက တိုးချဲ့ထားပါတယ်။



(Photo: AP)


လက်ရှိမှာ အီတလီနိုင်ငံသား အားလုံးနီးပါးကို အိမ်မှာနေကြရန် ပြောထားပါတယ်။ အီတလီမှာ မတ်လ ၁၈ ရက်နေ့ကလည်း COVID-19 ဗိုင်းရပ်စ်ကြောင့် နောက်ထပ် သေဆုံးသူ ၄၇၅ ဦးရှိခဲ့ပြီး ယမန်နှစ် နှစ်ကုန်ပိုင်း တရုတ်မှာ ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့စဥ်ကတည်းက လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံများအနက် တစ်ရက်အတွင်း သေဆုံးမှုအများဆုံး ဖြစ်ခဲ့ပါတယ်။

အာဏာပိုင်တွေကတော့ အီတလီနိုင်ငံသားတွေကို ယုံကြည်မှုရှိရန်နဲ့ အားတင်းထားကြရန် တိုက်တွန်းခဲ့ပါတယ်။ မီလန်မြို့ပတ်ဝန်းကျင် မြောက်ပိုင်း Lombardy နယ်မြေမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ အများဆုံးဖြစ်ပွားနေကြောင်းလည်း သိရပါတယ်။


(Photo: Reuters)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၂၀ ရက်အကူး မနက်အစောပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၂,၅၃၇ ဦးနဲ့ သေဆုံးသူ ၉,၇၁၈ ဦးအထိ ရှိလာခဲ့ပါတယ်။

Source: Al Jazeera, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က