အီတလီမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် စုစုပေါင်း ၄,၈၀၀ ကျော်အထိ မြ့င်တက်လာပါတယ်။

COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုတွေ အဆိုးရွားဆုံး ဖြစ်ပွားနေတဲ့ အီတလီနိုင်ငံမှာ နောက်ထပ် ၇၉၃ ဦး သေဆုံးခဲ့ကြောင်း မတ်လ ၂၁ ရက်နေ့မှာ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။


(Photo: Antonio Parrinello/Reuters)

မတ်လ ၂၁ ရက်နေ့က သေဆုံးသူဦးရေဟာ အီတလီမှာ ဗိုင်းရပ်စ်ကြောင့် နေ့စဥ် သေဆုံးမှုတွေအနက် အမြင့်ဆုံးစံချိန်လည်း ဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးမှာ သေဆုံးသူအရေအတွက် ၄,၈၂၅ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။



အီတလီမှာ ကြာသပတေးနေ့ (မတ်လ ၁၉ ရက်) ကလည်း တစ်ရက်အတွင်း နောက်ထပ် သေဆုံးသူဦးရေ ၄၂၇ ဦး တိုးလာခဲ့ပြီးနောက် ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အခြား နိုင်ငံများအားလုံးထက် သေဆုံးသူ ပိုမိုများပြားသွားခဲ့ပါတယ်။



(Photo: Claudio Furlan/LaPresse via AP)


မတ်လ ၂၁ ရက်နေ့ စာရင်းတွေအရ အီတလီမှာ ဗိုင်ရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာလည်း ယခင် ၄၇,၀၂၁ ဦးမှ ၅၃,၅၇၈ ဦးသို့ မြင့်တက်လာခဲ့ပြီး နောက်ထပ် ကူးစက်ခံရသူ ၆,၅၅၇ ဦး တိုးလာခဲ့ပါတယ်။ ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အဆိုအရ အီတလီမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် အပြည့်အဝ ပြန်လည်သက်သာသွားသူ ၆,၇၀၂ ဦးရှိကြောင်းနဲ့ ဗိုင်းရပ်စ်ကူးစက်ခံလူနာ ၂,၈၅၇ ဦးကိုတော့ နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံတွေမှာ အထူးကြပ်မတ်ကုသပေးနေရကြောင်း သိရပါတယ်။


(Photo: Sergio Agazzi/Reuters)


လူဦးရေ သန်း ၆၀ ရှိတဲ့ အီတလီမှာ မတ်လ ၁၂ ရက်နေ့ကတည်းက တစ်နိုင်ငံလုံးကို အသွားအလာ ပိတ်ပင်ကန့်သတ်ထားခဲ့ပေမဲ့ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ ဆက်လက် မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၂၂ ရက်အကူး မနက်အစောပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၈၈,၄၄၅ ဦးနဲ့ သေဆုံးသူ ၁၂,၅၇၁ ဦးအထိ ရှိလာခဲ့ပါတယ်။

Source: RT, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က