loading...

loading...

loading...

လူဦးရေ သန်း ၆၀ ကျော်ရှိတဲ့ အီတလီတစ်နိုင်ငံလုံးကိုလည်း အသွားအလာ ပိတ်ပင်ကန့်သတ်ထားပါတယ်။
Ko John

COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုနဲ့သေဆုံးမှုတွေ သိသာစွာ မြင့်တက်နေတဲ့ အီတလီနိုင်ငံမှာ ဆေးဝါးနဲ့အစားအစာ ဆိုင်များကလွဲပြီး စတိုးဆိုင်များအားလုံးကို ပိတ်ထားလိုက်ကြောင်း သိရပါတယ်။

(Photo: AFP)

အီတလီဝန်ကြီးချုပ် Giuseppe Conte က ဘားဆိုင်များ၊ စားသောက်ဆိုင်များ၊ ဆံပင်အလှပြုပြင်ဆိုင်များနဲ့ မရှိမဖြစ်မဟုတ်တဲ့ ကုမ္ပဏီဌာနတွေကိုလည်း ပိတ်ထားမယ်လို့ ပြောပါတယ်။ အီတလီဟာ ဥရောပမှာ ဗိုင်းရပ်စ်ကူးစက်ခံမှုနဲ့ သေဆုံးမှု အဆိုးရွားဆုံး ဖြစ်ပွားနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ယနေ့ (မတ်လ ၁၂ ရက်) မနက်အစောပိုင်းအထိ စာရင်းတွေအရ အီတလီမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂,၄၆၂ ဦးနဲ့ သေဆုံးသူ ၈၂၇ ဦးအထိ မြင့်တက်လာပါတယ်။ အီတလီမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ နှစ်ပတ်အတွင်း ၈၂၇ ဦးအထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: EPA)

လူဦးရေ သန်း ၆၀ ကျော်ရှိတဲ့ အီတလီတစ်နိုင်ငံလုံးကို အသွားအလာ ပိတ်ပင်ကန့်သတ်မှုတွေ လုပ်ဆောင်ထားပေမဲ့ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း ဆက်လက် မြင့်တက်နေခဲ့ရာ နောက်ထပ် အစီအစဥ်တွေ သတ်မှတ်ဆောင်ရွက်လာရပါတယ်။ အီတလီစီရီးအေ ဘောလုံးပွဲများ အပါအဝင် အားကစားပြိုင်ပွဲများ အားလုံးကို ရပ်ဆိုင်ထားပြီး ကျောင်းနဲ့တက္ကသိုလ် အားလုံးကိုလည်း ပိတ်ထားပါတယ်။

အီတလီမှာ ဗိုင်းရပ်စ်နဲ့ဆက်နွယ်တဲ့ အကျဥ်းထောင် ဆူပူအုံကြွမှုတွေလည်း ပေါ်ပေါက်ခဲ့ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ COVID-19 ကို ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားတဲ့ ကူးစက်မြန်ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်နေ့မှာ သတ်မှတ်လိုက်ပါတယ်။

(Photo: Miguel Medina/AFP)

အီတလီနဲ့ အီရန်ဟာ လက်ရှိမှာ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှု ဆိုးရွားနေပြီး အခြား နိုင်ငံတွေလည်း မကြာမီ ၎င်းတို့ကဲ့သို့ ဖြစ်လာမယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။ အစိုးရများအနေနဲ့ COVID-19 ကူးစက်ဖြစ်ပွားမှုအပေါ် အဆောတလျင်နဲ့ ပြင်းထန်တဲ့ တုံ့ပြန်ဆောင်ရွက်မှုဖြင့် ကိုင်တယ်ဖြေရှင်းမှုပုံစံ ပြောင်းလဲကြရန် ၎င်းက တိုက်တွန်းထားပါတယ်။

မတ်လ ၁၂ ရက် မနက်ပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၅,၉၅၅ ဦးရှိလာပြီး သေဆုံးသူအရေအတွက် ၄,၆၂၃ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအရေအတွက် ထက်ဝက်ကျော်မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ တွေ့ရှိထားရပြီး မတ်လ ၁၂ ရက် မနက်ပိုင်းအထိ ပြန်လည်သက်သာလာသူ ၆၈,၂၁၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။

Source: AFP


ဆက်စပ်အကြောင်းအရာများ


loading...

က္က