ဘတ်စ်ကားကို လမ်းကြောင်းလွှဲ မောင်းနှင်သွားခဲ့ပြီး မီးရှို့ခဲ့ပါတယ်။
အီတလီနိုင်ငံ မီလန်မြို့အနီးမှာ ကျောင်းသူကျောင်းသား ၅၁ ဦး လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီးကို ယာဉ်မောင်းဖြစ်သူက ပြန်ပေးဆွဲမီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။

(Photo: Fabian_LH/Twitter)

ဘတ်စ်ကားမီးလောင်မှု ဖြစ်ပွားနေစဉ် ကလေးတွေကို ကားပြတင်းပေါက်မှန်များခွဲပြီး ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်အတွင်း ကျောင်းသူကျောင်းသားတွေ ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ခြင်း မရှိဘူးလို့ဆိုပါတယ်။



ဆီနီဂေါနိုင်ငံမှ ရွှေ့ပြောင်းလာခဲ့ပြီး အီတလီနိုင်ငံသားဖြစ်နေခဲ့သူ အသက် ၄၇ နှစ်အရွယ် ယာဉ်မောင်း Ousseynou Sy ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့နိုင်ခဲ့ပါတယ်။ "ကလေးတွေအားလုံးကို ကယ်လိုက်နိုင်တာက အံ့သြဖွယ်ဖြစ်ရပ်ပါပဲ၊ ဒီဟာက အစုလိုက်အပြုံလိုက် လူသတ်မှု ဖြစ်သွားနိုင်ပါတယ်" လို့ မီလန်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူး ဖရန်ဆက်စကို ဂရီကိုက ပြောခဲ့ပါတယ်။

(Photo: EPA)

ဘတ်စ်ကားမောင်းသူဟာ အီတလီရဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ မူဝါဒကို ဒေါသထွက်နေပုံရတယ်လို့ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာခဲ့တဲ့ ဆရာတစ်ဦးက ပြောကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ အခြား သတင်းအချို့မှာတော့ ဘတ်စ်ကားမောင်းသူဟာ ဥရောပကို ရွှေ့ပြောင်းနေထိုင်ရန် ကြိုးပမ်းကြသူတွေ မြေထဲပင်လယ်မှာ သေဆုံးနေရမှုအပေါ် ဆန္ဒပြတဲ့အနေနဲ့ ယခုကဲ့သို့ ဘတ်စ်ကားပြန်ပေးဆွဲ မီးရှို့ခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ဘတ်စ်ကားမောင်းသူက Vailati di Crema ရှိ စာသင်ကျောင်းတစ်ကျောင်းရဲ့ စာသင်ခန်းနှစ်ခန်းမှ ဆယ်ကျော်သက် ကျောင်းသူကျောင်သားတွေနဲ့ ကြီးကြပ်သူတို့ကို ကိုယ်ကာယလေ့ကျင့်ရေး အားကစားရုံသို့ ပို့ဆောင်ပေးရမှာဖြစ်ပေမဲ့ လမ်းကြောင်းလွှဲကာ မီလန်မြို့ Linate လေဆိပ်ဘက်ကို ဦးတည်မောင်းနှင်သွားခဲ့ပြီးနောက် ဘတ်စ်ကားကို မီးရှို့ခဲ့တာဖြစ်ပါတယ်။

(Photo: Fabian_LH/Twitter)

ဘတ်စ်ကားကို လမ်းလွှဲမောင်းသွားခဲ့ပြီးနောက်က ယာဉ်မောင်းဖြစ်သူက ဓားတစ်လက်ကိုင်ဆောင်ထားပြီး ကျောင်းသူကျောင်းသားတွေကို စကားပြောခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် ကျောင်းသူကျောင်းသားများထံမှ ဖုန်းတွေကို သိမ်းယူခဲ့ပါတယ်။ ထိုသို့ ဖုန်းများကိုသိမ်းယူခဲ့စဉ် အသက် ၁၃ နှစ်အရွယ် ကျောင်းသား Ramy Shehata က ၎င်းရဲ့ဖုန်းကို ဝှက်ထားခဲ့ပြီးနောက် မိဘများထံ အခြေအနေကို ဖုန်းဆက်ပြောခဲ့ရာမှ ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်ကို သိရှိသွားခဲ့ပါတယ်။

(အသက် ၁၃ နှစ်အရွယ် Ramy ကို တွေ့ရစဉ်) (Photo: AFP)

ကျောင်းသူကျောင်းသားများ အားလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြပြီးနောက် အီတလီမီဒီယာတွေက တွေ့ဆုံမေးမြန်းခဲ့ရာမှာ Ramy ကို သူရဲကောင်းအဖြစ် ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။ Ramy ရဲ့ မိဘတွေဟာ အီဂျစ်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်ကြသူတွေဖြစ်ပြီး Ramy ကိုတော့ ၂၀၀၅ ခုနှစ်က အီတလီမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သို့သော် Ramy ဟာ အီတလီနိုင်ငံသားအဖြစ် တရားဝင် အသိအမှတ်ပြု မခံရသေးဘူးလို့လည်း ဖခင်ဖြစ်သူက ပြောပါတယ်။

(ဘတ်စ်ကားကို ပြန်ပေးဆွဲမီးရှို့ခဲ့သည့် Ousseynou Sy) (Photo: Italian Police/AFP)

"ကျွန်တော့်သားက သူ့တာဝန်ကို လုပ်ခဲ့တာပါပဲ၊ သူ အခု အီတလီနိုင်ငံသား ဖြစ်ခွင့်ရလာခဲ့ရင် ကောင်းမှာပါ၊ ကျွန်တော်တို့ ဒီနိုင်ငံမှာ နေချင်ပါတယ်၊ ကျွန်တော် ဒီဖြစ်ရပ်ကြီးအပြီး သူ့ကိုတွေ့တော့ အတင်းဖက်ထားမိတယ်" လို့ အီတလီသတင်းဌာန ANSA ကို ဖွင့်ဟခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဘတ်စ်ကားကို ဟန့်တားနိုင်ရန် အချိန်အနည်းငယ်ကြာ ဆောင်ရွက်ခဲ့ရပါတယ်။ အဆိုပါ ဘတ်စ်ကားဟာ ရဲတပ်ဖွဲ့ကားတွေကို ဝင်တိုက်ပြီးနောက် ရပ်တန့်သွားခဲ့ပါတယ်။

(Photo: AFP)

ယာဉ်မောင်းက ဘတ်စ်ကားကို မီးရှို့ခဲ့ပေမဲ့ တစ်စီးလုံး မီးကူးစက်လောင်ကျွမ်းမသွားမီ ကားပြတင်းပေါက်မှန်များ ရိုက်ခွဲကာ ကျောင်းသူကျောင်းသားတွေကို ကယ်ထတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ Ousseynou Sy ကို နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ရုပ်သိမ်းရန် စဉ်းစားနေတယ်လို့ အီတလီပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဘတ်စ်ကားကို ပြန်ပေးဆွဲမီးရှိုခဲ့တဲ့ Ousseynou Sy ဟာ ယခင်က လိင်ပိုင်း စော်ကားတိုက်ခိုက်မှုဖြင့် ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးပါတယ်။ ဒါ့အပြင် အရက်မူးပြီး ကားမောင်းမှုဖြင့်လည်း ပြစ်ဒဏ်ကျခံခဲ့ဖူးကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က