အီတလီမှာ နာမည်ကြီးတဲ့ ဝါရင့် ကျားထိန်းကျောင်းလေ့ကျင့်သူ ဖြစ်ပါတယ်။

အီတလီတောင်ပိုင်းမှာ ဆပ်ကပ်အဖွဲ့တစ်ဖွဲ့ အစမ်းလေ့ကျင့်နေစဉ် ကျားလေးကောင်က ၎င်းတို့ကို ထိန်းကျောင်းလေ့ကျင့်ပေးသူအား ဝိုင်းဝန်းကိုက်ဖဲ့ခဲ့မှုကြောင့် သေဆုံးခဲ့ပါတယ်။

(Ettore Weber နှင့် ၎င်းထိန်းကျောင်းလေ့ကျင့်ပေးသည့် ကျားတစ်ကောင်) (Photo: Circus Mania)

ကြာသပတေးနေ့ (ဇူလိုင် ၄ ရက်) က ဘာရီမြို့အနီး Triggiano မြို့ငယ်လေးမှာ ဆပ်ကပ်အဖွဲ့မှ ကျားတစ်ကောင်က အသက် ၆၁ နှစ်အရွယ် Ettore Weber အမည်ရှိ ထိန်းကျောင်းလေ့ကျင့်သူအား စတင်ကိုက်ခဲ့ပြီးနောက် အခြား ကျားသုံးကောင်ကလည်း ဝိုင်းကိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။



ထို့နောက် ဆေးဘက်ဝန်ထမ်းတွေနဲ့ ဆပ်ကပ်အဖွဲ့ဝင်တွေ ဝင်ရောက်ဟန့်တားခြင်း မပြုမီအထိ ကျားလေးကောင်က ဆပ်ကပ်ထိန်းကျောင်းလေ့ကျင့်သူရဲ့ ခန္ဓာကိုယ်ကို လှောင်အိမ်အတွင်း ဆော့ကစားနေခဲ့ကြကြောင်း သိရပါတယ်။ ကျားလေးကောင်ကို လေ့ကျင့်ပေးသူဟာ နောက်ပိုင်းမှာ ကိုက်ဖဲ့ခံရတဲ့ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါတယ်။

(ကျားတွေကို ထိန်းကျောင်းလေ့ကျင့်ပေးနေသည့် Ettore Weber) (Photo: La Repubblica)

ကျားကိုက်ခံရပြီး သေဆုံးခဲ့တဲ့ Ettore Weber ဟာ Orfei ဆပ်ကပ်အဖွဲ့မှာ အလုပ်လုပ်နေသူဖြစ်ပြီး အီတလီမှာ နာမည်အကြီးဆုံး ဆပ်ကပ် လေ့ကျင့်ရေးသမားတွေအနက် တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ၎င်းဟာ ကျားကိုက်ခံရပြီး သေဆုံးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ ဒေသစံတော်ချိန် ည ၇ နာရီခန့်မှာ Animal Park အမည်ဖြင့် ပြပွဲအတွက် ကျားတွေကို လေ့ကျင့်ပေးနေခဲ့ပါတယ်။

အဆိုပါ ဆပ်ကပ်ပြပွဲကို ကမ္ဘာတစ်ဝှမ်းမှာ လှည့်လည်ပြသလေ့ရှိပြီး တိရိစ္ဆာန်အမျိုးမျိုးကို မြင်တွေ့ရပါတယ်။ Animal Park ဆပ်ကပ်ပြပွဲမှာ ကုလားအုတ်၊ မြင်းကျားနဲ့ ကျွဲရိုင်းတို့လည်း ပါဝင်တယ်လို့ဆိုပါတယ်။ Ettore Weber ကျားကိုက်ခံရပြီး သေဆုံးခဲ့ချိန်ဟာ အဆိုပါ ဆပ်ကပ်ပွဲ မစတင်မီ တစ်နာရီခန့်မျှအလိုမှာလည်း ဖြစ်ပါတယ်။

(ကျားတစ်ကောင်ကို လေ့ကျင့်ပေးနေသည့် Ettore Weber) (Photo: Telegraph)

ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက် ထိန်းကျောင်းလေ့ကျင့်သူကို ကိုက်သတ်ခဲ့တဲ့ ကျားလေးကောင်အား ဆာဖာရီဥယျာဉ်သို့ ရွှေ့ပြောင်းလိုက်ကြောင်း ဒေသခံ မီဒီယာက ဖော်ပြပါတယ်။ ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။ Orfei ဆပ်ကပ်ဟာ Triggiano မြို့ငယ်လေးကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်မှာ ရောက်ရှိလာခဲ့ပြီး ဇူလိုင် ၁၄ ရက်အထိ ထိုမြို့မှာရှိနေမယ်လို့ မျှော်လင့်ရပါတယ်။

ကျားကိုက်ခံရပြီး ထိန်းကျောင်းလေ့ကျင်သူ သေဆုံးခဲ့မှုကြောင့် ဆပ်ကပ်အဖွဲ့က Triggiano မြို့မှာ နေထိုင်ပြသမယ့် မူလသတ်မှတ်ရက်ကို လျှော့ချသွားမယ့် အစီအစဉ်ရှိ မရှိ မသိရသေးဘူးလို့ ဆိုပါတယ်။ တောရိုင်းတိရိစ္ဆာန်တွေကို ဆပ်ကပ်ပြပွဲများမှာ အသုံးပြုမှုအား ဥရောပမှ နိုင်ငံ ၂၀ အပါအဝင် ကမ္ဘာ့နိုင်ငံ ၄၀ ခန့်က တားမြစ်ပိတ်ပင်ထားကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က